စပါးကထွက်မယ်ဆိုရင် ရွေးချယ်စရာက ယူနိုက်တက်သာရှိတယ်လို့ ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ဆုဖလားတွေ ရယူချင်တယ်ဆိုရင် လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုပြောင်းရွှေ့ရာမှာလည်း ကိန်းအတွက် တခုတည်းသော ရွေးချယ်စရာက မန်ချက်စတာယူနိုက်တက်တသင်းတည်းသာ ရှိတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဟယ်ရီကိန်းဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတဦးအဖြစ်နဲ့ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာကြာအောင် ကစားနိုင်ခဲ့ပေမယ့် စပါးနဲ့အတူ အောင်မြင်မှုလုံး၀မရရှိခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ဂိုးပေါင်း ၂၆၆ ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ၂ ကြိမ်ဆွတ်ခူးထားပေမယ့် အသင်းလိုက်အောင်မြင်မှုအဖြစ် ကာရာဘောင်ဖလားကိုတောင် မရယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

Sky Sports က တဆင့် နဗီးလ်က ပြောဆိုခဲ့ရာမှာတော့ "ဟယ်ရီကိန်းက ဆုဖလားတွေရယူချင်လိမ့်မယ်လို့ ကျနော်ထင်တယ်၊ ဒါက နောက်ဆုံး ၅ နှစ်အတွင်း စပါးမှာ သူ ကတိကဝတ်ပြုခဲ့တဲ့ ကိစ္စတခုဖြစ်နိုင်သလို တချို့ကစားသမားတွေ လုပ်ခဲ့တဲ့အတိုင်း သူ လုပ်ခဲ့တာလားပါပဲ၊ ဆောက်သမ်တန်မှာ မတ်လီတစ်ဆီယာ ဒီလိုမျိုးလုပ်ခဲ့တယ်၊ အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့ တခြားကစားသမားတွေလည်း အတိတ်မှာ ဒီလိုတွေလုပ်ခဲ့ဖူးပါတယ်"

"အသင်းကို သူတို့တွေ ကတိပေးခဲ့ပုံပါပဲ၊ ဒါက အသင်းကို သူတို့ချစ်မြတ်နိုးတာကြောင့်ပါ၊ ဒါပေမယ့် ဟယ်ရီက ထွက်ခွာမယ်ဆိုရင် လက်ရှိအချိန်ပဲဖြစ်မယ်လို့ ကျနော်ကတော့ ထင်တယ်၊ သူက အံ့အားသင့်စရာကစားသမားပါ၊ ပရော်ဖက်ရှင်နယ်ကောင်းတဦးလည်းဖြစ်ပြီး သူ အခု ထွက်ခွာမယ်ဆိုရင် ဖြစ်နိုင်ချေအရှိဆုံးကတော့ မန်ချက်စတာပါပဲ၊ ယူနိုက်တက် ဒါမှမဟုတ် စီးတီးပေါ့၊ သူ့မှာ အခွင့်အရေးရှိတယ်လို့ ကျနော်ထင်တယ်"

"မန်စီးတီးမှာ ဟာလန်းရှိနေလို့ သူ မသွားနိုင်ပါဘူး ဒါပေမယ့် ယူနိုက်တက်က ဗဟိုတိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ လုပ်နေပါတယ်၊ ကျနော့်ကို စပါးပရိသတ်တွေ ဒေါသထွက်ပါလိမ့်မယ်၊ သူတို့ကစားသမားကို ရုပ်သံကတဆင့် ယူနိုက်တက်ဆီရောက်အောင် လုပ်နေတယ်ဆိုပြီးတော့ပေါ့၊ ဒါပေမယ့် အခုကတော့ သူ့အတွက် ယူနိုက်တက်တသင်းတည်းသာ ရွေးချယ်စရာရှိတာပါ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးလို မြို့ခံပြိုင်ဘက်တွေဆီ သူ သွားမှာမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က