ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဦးကင်းရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ဦးကင်းကောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ရင်ထဲက စကားသံကို အခုလို ပြောပြလာကြပါတယ်။

ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ ဈာပနကိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဦးကင်းကောင်ရဲ့ နောက်ဆုံးခရီးကို မိသားစုဝင် တွေနဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေကလည်း လိုက်ပါပို့ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။

ဦးကောင်းကောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဒါရိုက်တာ မောင်သီရဲ့ ရင်ထဲက စကားသံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ လူ့ဘဝမှာ နေထိုင်ခဲ့စဉ်ကတော့ လူမှုရေး၊ စီးပွားရေးတွေ ကူညီပေးခဲ့တာတွေရှိပါတယ်။ သေခြင်းတရားကိုကျတော့ လက်လျှော့ပေးလိုက်ရတာပေါ့နော်။ မကယ်လိုက်နိုင်ဘူးပေါ့နော်။ အဲဒီအတွက် စိတ်မကောင်းတော့ ဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲ့ဒီနောက် ကင်းကောင်နဲ့အတူ လူရွှင်တော် အဖြစ် စင်ပေါ်မှာ ပြက်လုံးတွေပြက်ခဲ့ကြတဲ့ အမှတ်တရကိုလည်း သီးလေးသီး အဖွဲ့ဝင်ဖြစ်သူ စိန်သီးက ရင်ဖွင့်ပြောပြလာပါတယ်။

‘’ စင်ပေါ်မှာဆိုရင်လည်း သူ ပြက်လုံးတွေ ပြက်ရင်လည်း သူများကို နင်းတာ၊ ပြုတာ၊ အကျင့်ယုတ်တာတွေ မရှိဘူး။ သူလုပ်တဲ့ဟာကိုလည်း ပရိသတ်က သူ့ကိုချစ်တယ်။ ချစ်တဲ့ အပေါ်မှာလည်း ခံစားပြီးတော့ ပရိသတ်ကို သူပေးဆပ်သွားတယ်။ သူတော်ကောင်းပါ၊ ကောင်းရာဘုံဌာနမှာ သူရှိနေမှာပါ’’ လို့ ဝမ်းနည်းကြေကွဲရင်း ပြောပြလာတာဖြစ်ပါတယ်။

ကင်းကောင်အပေါ်၊ သားတစ်ယောက်၊ တူတစ်ယောက်လို သဘောထားခဲ့တဲ့ လူရွှင်တော်ကြီး ဦးမိုးကျော်ကလည်း သူ့ရဲ့ ခံစားချက်ကို ဆက်လက်ပြောပြလာပါတယ်။

‘’ ကိုယ့်တပည့်၊ သား၊ မြေးလို့လည်း ပြောလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့က နှစ်ပေါင်းများစွာ လုပ်လာခဲ့ကြတာ အသက်အားဖြင့်လည်း ကွာပါတယ်။ ကျွန်တော်က ၇၅ နှစ်၊ သူက ၅၅ ။ ကိုယ့် တူ၊ သား တစ်ယောက်လိုပဲ ခံစားရတာပေါ့’’ လို့ ဦးကင်းကောင်ရဲ့ ဈာပနမှာ ဖြေဆိုခဲ့တာပါ။

ကင်းကောင် နဲ့ ကျော်ထူးတို့ဟာ အငြိမ့်ပွဲတွေမှာလည်း လူရွှင်တော်အဖြစ် အတူတူဆောင်ရွက်ခဲ့ကြသလို၊ သရုပ်ဆောင်အဖြစ်နဲ့လည်း ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကင်းကောင်ရဲ့ နောက်ဆုံးခရီးကို အချိန်မီ မရောက်နိုင်ခဲ့တာကြောင့် အရမ်းခံစားနေရတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်ရယ်၊ ကင်းကောင်ရယ်၊ ကုသိုလ်ရယ် ‘ကကြီးသုံးလုံး’ ဆိုပြီးတော့ လက်တွဲလာခဲ့ကြတာ အခုတော့ သူ့ရဲ့ နောက်ဆုံးခရီးကိုတောင် ကျွန်တော် မမီလိုက်ဘူးဗျာ။ ဒီလိုပါပဲ နောက်ထပ် ဘယ်သူတွေလာဦးမလဲ ဆိုတာ မသိနိုင်ဘူးလေ’’ ဆိုပြီးတော့ ငိုကြွေးရင်း ပြောပြလာခဲ့တာပါ။

ကင်းကောင်ဟာ ဇန်နဝါရီ(၂၂) ရက်နေ့ နံနက်ခင်းက ပုပ္ပါးမှာ ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သဘောကောင်း လွန်းတဲ့ ဝါရင့်သရုပ်ဆောင် ကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ကင်းကောင်ရဲ့ သက်မဲ့ ရုပ်အလောင်းကို ပုပ္ပားကနေ ရန်ကုန်သို့ ဇန်နဝါရီ(၂၂) ရက်နေ့က ချက်ချင်းပဲ သယ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့၊ ရေဝေးသုသာန် ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က