ဟာသလူရွှင်တော် ဧရာက ကင်းကောင်နဲ့ အတူ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အားပေးစကား တစ်လှည့်စီ ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ကင်းကောင် ကွယ်လွန်သွားပြီဆိုတဲ့သတင်း ကြားရတဲ့အချိန်မှာလည်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းတွေ ပြောပြထားပါတယ်။
ခါး ရောဂါကြောင့် အရိုးကျန်းမာရေးဆေးရုံ (ကြည့်မြင်တိုင်) မှာ ဆေးကုသမှု ခံယူနေရတဲ့ ဟာသလူရွှင်တော် ဧရာက ညီအစ်ကိုအရင်းလိုချစ်ရတဲ့ ကင်းကောင်နဲ့ သူနဲ့ ရှိခဲ့တဲ့ အမှတ်တရတွေကိုပြောပြလာပါတယ်။ နှစ်ယော က်အတူတူ ဆေးရုံတက်နေရတဲ့အချိန်မှာတောင် အားပေးစကားတစ်လှည့်စီပြောခဲ့ကြတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။
‘’မေ့လို့မရတဲ့ အမှတ်တရက သူလည်း ဆေးရုံတက်နေရတဲ့အချိန်၊ ဦးလည်း ဆေးရုံတက်နေရတဲ့အချိန်။ သူက ဟိုဘက်ကနေ ဖုန်းနဲ့ ကိုဧရာ နေကောင်းလား အားတင်းထား တဲ့။ သူလည်း ဆေးရုံမှာဆိုတော့ မင်းလည်း အားတင်းထား။ နေကောင်းရင် အလုပ်တွေ အတူတူပြန်လုပ်ကြမယ် ဆိုပြီးတော့ တကယ့် ညီအစ်ကို အရင်းတွေလို စကားတွေလည်း အများကြီးပြောခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အားပေးစကား ပြောကြတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးကတော့ ဆေးရုံပေါ်မှာပေါ့’’လို့ သူကဆိုပါတယ်။
Photo: ကင်းကောင်ဖေ့စ်ဘွတ်
အဲဒီနောက် ဦးကင်းကောင်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ဧရာက သူသိထားသလောက် ပြောပြခဲ့ပါသေးတယ်။
‘’သူက ချွဲကြပ်တာပဲ။ တခြားတော့ ဘာမှ မကြားဘူး။ လည်ချောင်းမှာ ချွဲကြပ်တယ်။ အခုလည်း အဲ့ဒီမှာ အေးတော့ မခံနိုင်ဘူးနဲ့ တူပါတယ်။ သူ့ပုံစံက ခံနိုင်ရည်အားကလည်း နည်းတယ်လေ။ အဲ့ဒီတော့ ပိုက်ဆံလည်း လိုချင်တော့ သွားရတာပေါ့’’ လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က အရိုးကျန်းမာရေးဆေးရုံ (ကြည့်မြင်တိုင်) မှာပဲ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ဧရာ နဲ့ ကင်းကောင် တို့ကိုတော့ ဟာသလူရွှင်တော်၊ ဟာသသရုပ်ဆောင်တွေအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့ အမှတ်တရတွေကိုလည်း ဧရာက ပြောပြလာပါတယ်။
‘’ ပြောရရင်တော့ နှစ်နည်းနည်းကွာလိမ့်မယ်။ ဦးက တစ်ခိုင်လုံးရွှေအငြိမ့်က သူက မြပုဏ္ဏမာအငြိမ့်က။ ဒီဘက်ထဲ ရောက်တာတော့ စောလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ကေသီပန်က အောင်မြင်သွားတော့ ဒီဘက်ထဲရောက်လာတာပေါ့။ သူတို့ကကျတော့ သရဲလေးကောင်ကျမှပေါ့။ စိတ်မကောင်းစရာပါ။ ဘာမှမတတ်နိုင်ဘူးလေ သူကံကုန်လို့သွားတာပဲ။ စိတ်မကောင်းရုံက လွဲလိ့ု ဘာမှမတတ်နိုင်ဘူး’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ကင်းကောင် ဖေ့စ်ဘွတ်
ဦးဧရာရဲ့ ခါးရောဂါ ကျန်းမာရေးအခြေအနေဟာ လက်ရှိမှာတော့ အနည်းငယ်သက်သာလာတာကို တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အားပေးဖော်ဖြစ်ခဲ့ဖူးတဲ့ ဟာသလူရွှင်တော် သရုပ်ဆောင်ကင်းကောင်ကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲက ကွယ်လွန်သွားခဲ့ပါပြီ။ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၉ နာရီအချိန် မြောက်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ရေဝေးသုသာန်မှာ မီးသဂြိုဟ်သွားမယ်လို့ သိရပါတယ်။