အယူသီးတဲ့ တရုတ်အမျိုးသမီးကြီးက လေယာဉ်ခရီးစဉ် ဘေးအန္တရာယ်ကင်းရန် ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။

အယူသီးတဲ့ တရုတ်အမျိုးသမီးကြီးတစ်ဦးက လေယာဉ်စီးနင်းရာမှာ ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းစဉ် လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့များ ပစ်ထည့်ခဲ့တာကြောင့် ခရီးစဉ်နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Lucky Air)

အသက် ၆၆ နှစ်အရွယ် အဆိုပါ တရုတ်အမျိုးသမီးကြီးက တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ Hohhot Baita အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယနေ့ (ဧပြီ ၁၆ ရက်) ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစိုးရိမ်ရမှုကြောင့် သူမကို ဖမ်းဆီးခဲ့တယ်လို့ Tianjin လေကြောင်းလိုင်းရဲ့ Weibo အကောင့်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Yang လို့သာ အမည်သိရတဲ့ အမျိုးသမီးက ကံကောင်းစရေန်နဲ့ လေယာဉ်ခရီးစဉ် ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းချိန်မှာ လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့ခြောက်စေ့ ပစ်ထည့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

(Photo: CCTV)

လေဆိပ်လုံခြုံရေးက ထိုအမျိုသမီးကြီးကို Tianjin လေကြောင်းလိုင်းရဲ့ GS6681 ခရီးစဉ် လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အမျိုးသမီးကြီးကို ၁၀ ရက်ကြာ ထိန်းသိမ်းထားပြီး လေကြောင်းလိုင်းအာဏာပိုင်တွေက သူမကို နောက်ထပ် အရေးယူမှုတွေ လုပ်ဆောင်နိုင်ကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ပြောပါတယ်။ တရုတ်အမျိုးသမီးကြီးဟာ လေယာဉ်ပေါ်မှာရှိနေစဉ် လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့များ ပစ်ထည့်ခဲ့ကြောင်း အခြား ခရီးသည်တွေက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: LightRocket via Getty Images)

ထို့နောက် လေဆိပ်မှ မြေပြင်ဝန်ထမ်းတွေက လေယာဉ်ရပ်နားထားရာအနီးမှာ မြေပြင်ပေါ်မှာ အကြွေစေ့တွေကို တွေ့ခဲ့ရတယ်လို့ လေကြောင်းလိုင်း၊ လေဆိပ်အာဏာပိုင်တွေနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ရဲတပ်ဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ယခု ဖြစ်ရပ်ကြောင့် လေကြောင်းခရီးစဉ်ဟာ မူလသတ်မှတ်ထားမှုထက် ၂ နာရီနောက်ကျခဲ့ပြီးနောက် အခြား လေယာဉ်တစ်စီးဖြင့် အစားထိုးကာ တရုတ်နိုင်ငံ Chifeng မြို့သို့ ထွက်ခွာပျံသန်းနိုင်ခဲ့ပါတယ်။

(Photo: SCMP)

၂၀၁၇ ခုနှစ်အတွင်းကလည်း China Southern လေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ်တစ်ခုမှာ အယူသီးတဲ့ ခရီးသည်တစ်ဦးက ကံကောင်းစေရန်အတွက် လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့များ ပစ်ထည့်ခဲ့မှုကြောင့် ၆ နာရီနီးပါးကြာ ခရီးစဉ်နှောင့်နှေးမှု ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ထိုဖြစ်ရပ်မှာတော့ အသက် ၈၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ အသက်အရွယ်ကြောင့် တရားစွဲဆိုခြင်းမပြုခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က