တရုတ်တွေဆီ ဇနီးမယားအဖြစ်မြန်မာအမျိုးသမီးတွေ ရောင်းစားခံနေရပါတယ်။

လူကုန်ကူးခံရပြီးလွတ်မြောက်လာသူအများစုက ကချင်နဲ့ ရှမ်းမြောက်ဘက်က အမျိုးသမီးတွေဖြစ်ပါတယ်။ မြန်မာနဲ့ ကချင်က KIO တို့အကြား တိုက်ပွဲဧရိယာအတွင်းမှာ ဒဏ်ခံနေရတဲ့ မိသားစုဝင်တွေထဲက ဖြစ်ပါတယ်။ အဲ့ဒီပဠိပက္ခတွေအကြား မှာ လူပေါင်းများစွာက အသက်ရှင်ဖို့ ရုန်းကန်နေကြရတာဖြစ်ပါတယ်။ KIO ထိန်းချုပ်နယ်မြေတွေမှာ လူသားချင်းစာနာထောက်ထားမှုတွေကို အစိုးရက ပိတ်ဆို့ထားမှုကြောင့် သူတို့တွေရဲ့ စွန့်စားပြီးအသက်ရှင်နိုင်ဖို့မျှော်လင့်ချက်တွေက မြင့်မားနေတာပါ။


Photo - HRW

အမျိုးသားတွေက စစ်ပွဲတွေကြားမှာ ပါဝင်ပတ်သက်နေချိန် အမျိုးသမီးတွေက အိမ်ထောင်ကို ထိမ်းထားရ၊ မိသားစုအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းတော့ တရုတ်ကိုသွား၊ လစာက ပိုရတယ် ဒါပေမယ့် သွားရတာကတော့ တရားမဝင်ပဲသူတို့ရဲ့အကြပ်အတည်းကို အသုံးချခံရတယ်။ တချို့အလုပ်တွေက တကယ်၊ များသောအားဖြင့်တော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ တရုတ်တွေဆီကို ဇနီးတွေအဖြစ်ရောင်းစားခံရတာများတယ်။

တရုတ်မှာ ၁၉၈၇ ခုနှစ်ကစပြီး အမျိုးသမီးတွေနည်းလာတယ်။ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အကြားမှာ ကျားမ အင်အားက ကွာခြားလာတယ်။ သုတေသီတွေပြောဆိုချက်အရတော့ အမျိုးသမီးတွေ လိုအပ်ချက်ဟာ သန်း ၃၀ ကနေ ၄၀ သန်းလောက်ဖြစ်နေတယ်။

တရုတ်ရဲ့ ကလေးတစ်ယောက် ပေါ်လစီကြောင့် အမျိုးသားတွေကိုပဲရွေးယူလာကြတာကြောင့် မိန်းကလေးတွေဟာ အကြောင်းအမျိုးမျိုးနဲ့ အသက်မရှင်ခဲ့ကြဘူး။အဲ့လိုမမျှတမှုတွေကြောင့် တချို့ တရုတ်ယောက်ကျားတွေဟာမိန်းမ မရကြဘူး။ ပြီးတော့ မြန်မာကနေ မိန်းမတွေဝယ်ဖို့ ကြိုးစားလာတော့တာပါပဲ။

မြန်မာကနေ တရုတ်ကို ဘယ်လောက် ပမာဏ လူကုန်ကူးခံရပြီးပြီလဲဆိုတာခန့်မှန်းဖို့တော့ ခက်တယ်လို့ Human Rights Watch အဖွဲ့က အစီရင်ခံပါတယ်။နှစ်စဉ်တော့ အမျိုးသမီး ၁၀၀ ကနေ ၂၀၀ လောက်တရုတ်ကနေ ပြန်ထွက်ပြေးလာဒါကလည်း အမှန်တကယ် လူကုန်ကူးခံရတဲ့ ပမာဏနဲ့ ယှဉ်ရင် တော်တော်သေးတဲ့ပမာဏဖြစ်ပါတယ်။

ဒီအဖြစ်ဆိုးကို ကြုံရသူတွေထဲက တစ်ယောက်ကတော့ ဆိုင်းမွန်ဖြစ်ပါတယ်။ သူ့အကြောင်းက ဒီလိုပါ။ ဆိုင်းမွန်သတိရလာချိန်မှာတော့သူမကတရုတ်ပြည်ထဲမှာရောက်နေပါတော့တယ်။ သူမအမဝမ်းကွဲဖြစ်သူက တရုတ်မိသားစုဆီမှာ ထားခဲ့တာပါ။

“ကျွန်မ အော်ငိုပြီးအကူအညီတောင်းတယ်။” လို့ ဆိုင်းမွန်ကပြောပါတယ်။

လပေါင်းများစွာကြာပြီးနောက်မှာတော့ သူမအစ်မဖြစ်သူက နင်တရုတ်အမျိုးသားတစ်ယောက်နဲ့ ယူရမယ် လို့ ပြောပြီး တခြားအိမ်တစ်အိမ်ကို ခေါ်သွားပါတော့တယ်။ အဲ့ဒီမှာပဲ တရုတ်အမျိုးသားရဲ့ ဇနီးမယားဖြစ်ခဲ့ပြီးတော့ ယောကျာၤးဖြစ်သူရဲ့နှိပ်စက်ပေါင်းသင်းမှု ၇ လလောက်အကြာမှာ ဆိုင်းမွန်ကိုယ်ဝန်လွယ်ရပါတော့တယ်။ သားယောကျာၤးလေးတစ်ဦး မွေးဖွားပြီးချိန်မှာတော့ ဆိုင်းမွန်အိမ်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

“ဘယ်သူမှ မတားပါဘူး။ အိမ်ပြန်ချင်ရင်မင်းပြန်လို့ရတယ်။ ဒါပေမယ့် ကလေးကိုတော့ ယူသွားလို့ မရဘူး။”လို့ သူမယောကျာၤးဖြစ်တဲ့ တရုတ်အမျိုးသားက ပြောပါတယ်။

ဆိုင်းမွန်က သူ့ကလေးနဲ့အတူ ပြန်ချင်တာပါ။ သူမ လူကုန်ကူးခံရပြီးနှစ်နှစ်လောက်အကြာမှာ ကချင်အမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီးတော့ သူမကို ယွမ် ၁၀၀၀ ပေးပြီး အိမ်ပြန်ဖို့ ကူညီခဲ့ပါတယ်။ အဲ့ဒီကနေ တရုတ်အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ နယ်စပ်ဖြတ်ပြီးလွတ်မြောက်လာခဲ့ပါတယ်။ဆိုင်းမွန်ကို Human Rights Watch က အင်တာဗျူးရာမှာ သူမက ကယ်ဆယ်ရေး စခန်းတစ်ခုကို ရောက်ရှိနေတာပါ။

သူမကကြောက်လန့်နေပြီး တရုတ်မိသားစုက သူမကို လိုက်ရှာလိမ့်မယ်လို့ ပြောနေပါတယ်။ ဆိုင်းမွန်ပြောပြတဲ့သူမအကြောင်းက လူကုန်ကူးခံပြီးလွတ်မြောက်ခဲ့သူတွေအနက်က တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူများတွေနဲ့ မတူတာက ဆိုင်းမွန်က သူမွေးခဲ့တဲ့သူ့သားလေးနဲ့ အတူ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ ကျန်တဲ့သူတွေကတော့ သူတို့ဝမ်းနဲ့ လွယ်မွေးရတဲ့ကလေးကို ထားခဲ့ရပါတယ်။

မြန်မာအမျိုးသမီးတစ်ယောက်ကို ပေါက်ဈေးက မြန်မာငွေ သိန်း ၃၀ လောက်ကနေ သိန်း ၁၀၀ ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။ Human Rights Watch အဖွဲ့က တရုတ်ဇနီးအဖြစ်ရောင်းစားခံရပြီး ပြန်လွတ်လာသူတွေထဲက ၃၇ ယောက်ကို အင်တာဗျူးရာမှာ ၁၅ ယောက်က သူတို့သူငယ်ချင်းတွေကနေတဆင့်အဲ့လိုကုန်ကူးခံရတာဖြစ်ပါတယ်။ ၁၂ ယောက်ကတော့ အသိတွေကနေတဆင့်ဖြစ်ပြီး ၆ ယောက်ဆိုရင် သူတို့အမျိုးအရင်းတွေရောင်းစားတာလို့ဆိုပါတယ်။

တချို့အမျိုးသမီးတွေကတော့ အခန်းထဲမှာ ပိတ်လှောင်ခံရပြီး လိင်ကျွန်ပြုခံရတယ်။ ထွက်မပြေးနိုင်အောင် မူးယစ်ဆေးတွေ ပေးထားတယ်။ တစ်ခုခုပြောချင်တယ်ဆိုရင်တောင်မှ ဘာသာစကားမတူတဲ့ အတွက်ပြောလို့မရပါဘူး။ တချို့ကို ကလေး ရရင် ပြန်လွှတ်ပေးတတ်ပါတယ်။ တချို့ကတော့ လွတ်မြောက်ဖို့ လတွေ နှစ်တွေ ချီပြီး ကြံစည်ပြီးမှ ပြန်လွတ်လာတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားစီးနှိမ်နှင်းရေးအဖွဲ့ ရဲ့ ဒုတိယတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးသက်နောင်ကတော့ " မြန်မာနိုင်ငံမှာလူကုန်ကူးမှု အဖြစ်အများဆုံးဆိုရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင် ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေပါ။ ရာခိုင်နှုန်းတော်တော်များများက တရုတ်ပြည်က ဇနီးမယားအဖြစ်ရောင်းစားခံရပါတယ်။ IDP စခန်းတွေမှာ သွားပြီး လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ ၂၆ ကြိမ်လုပ်ခဲ့ပါတယ်။ ဘာသာရေးဆရာတွေကနေ တဆင့် အသိပညာပေးတာတွေလည်း လုပ်ဆောင်နေပါတယ်။ အသိပညာပေးတာတွေ၊ ကြိုတင်ကာကွယ်တာတွေ လုပ်ဆောင်ပါတယ်။ တကယ်လို့ လူကုန်ကူးခံလိုက်ရပြီး ပြန်လာရင်လည်း ပြန်လည်စောင့်လျောက်ရေးတွေ လုပ်ဆောင်ရပါတယ်။ ၅ နှစ်စီမံကိန်းချမှတ်ထားပါတယ်။ ခုဆိုရင်တော့ တတိယ ၅ နှစ်စီမံကိန်းကာလထဲမှာပါ။ ပို့ဆောင်ရေးအကူအညီနဲ့ ၂၀၁၈ မှာ မူဆယ်၊ လားရှိုးကိုသွားတဲ့ တစ်နိုင်ငံလုံးကကားတွေမှာ စတစ်ကာ ၅၀၀၀ ကပ်တယ်။ အသိပညာပေးဇာတ်လမ်းတွေ သီချင်းတွေ ဝေတယ်။ တရုတ်ကိုဦးတည်တဲ့ လက်ကမ်းစာစောင် တွေဝေတယ်။"လို့ပြောပါတယ်။

လူကုန်ကူးခံနေရတဲ့ လက်ရှိအခြေအနေတွေက တော့ အခက်အခဲတွေရှိနေပါတယ်။ ဟိုတုန်းက အခြေအနေကတော့ တရုတ်ပြည်ကိုရောင်းစားဖို့ လိမ်ပြီး ခေါ်သွားတာမျိုးပေမယ့် အခုကျတော့ ပုံစံကတမျိုးပြောင်းသွားတယ်။ စည်းရုံးတဲ့သူကလည်း တည့်တည့်ပြောတယ်။ တရုတ်နဲ့ ပေါင်းရမယ် ပိုက်ဆံ သိန်း ဘယ်လောက်ရမယ်ပေါ့။ ကလေးမွေးပြီးရင် ပြန်ထွက်ပြေးလာခဲ့ဆိုတာတွေလည်း လုပ်တာတော့ ရှိတယ်။

" နောက်တစ်ခုကတော့ တခြားလက်နက်ကိုင်ထိန်းချုပ်တဲ့နေရာတွေမှာဆိုရင် တော့ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး လုပ်ရကိုင်ရခက်ခဲ့တာတွေရှိနေပါတယ်။ တရုတ်ဘက်ကနဲ့ မြန်မာဘက်က နဲ့ အမြင်မတူတာတွေရှိပါတယ်။ မြန်မာဖက်က ဒီလိုဖြစ်စဉ်ကို လူကုန်ကူးမှုမြောက်တယ်လို့ သတ်မှတ်ပေမယ့် တရုတ်ဘက်ကတော့ နယ်စပ်ဖြတ်ကျော် တရားမဝင်နေထိုင်တယ်ဆိုပြီး လုပ်တာတွေရှိတယ်။ နိုင်ငံတကာ ဥပဒေတွေ အရ ရော မြန်မာနိုင်ငံရဲ့ ဥပဒေအရ ရော လူကုန်ကူးခံရတဲ့ သူကို ကာကွယ်ပေးရမယ် ဖမ်းဆီးတာတွေ မလုပ်ရဘူးဆိုပေမယ့် တရုတ်ဘက်မှာ က ဖမ်းဆီးတာတွေရှိနေပါတယ်။"လို့ ရဲမှူးကြီးသက်နောင်က Duwun ကို ဖြည့်စွက် ပြောကြားပါတယ်။

မြန်မာအာဏာပိုင်တွေ ဖမ်းတဲ့အခါလည်း ပွဲစားအချို့ကိုသာ ဖမ်းနိုင်ပြီး နောက်ကွယ်က ကွန်ရက်ကြီးကို ရအောင်မဖမ်းဆီးနိုင် ဘူးဖြစ်နေပါတယ် ။ကေအိုင်အို ထိန်းချုပ်တဲ့ဒေသတွေမှာလည်း ဒါတွေကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ချင်း မရှိပါဘူး။ သုံးပွင့်ဆိုင်ရှိတဲ့ ဒီဒေသမှာ အားလုံးက ဒီပြဿနာကို အသေးအဖွဲ့အဖြစ်သာ သဘောထားနေခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်က ကချင်နဲ့ရှမ်းဒေသအချို့မှာ စစ်ရာဇဝတ်မှုနဲ့ လူသာချင်းစာနာထောက်ထားမှု မရှိတဲ့ အပြစ်တွေကျူးလွန်ကြောင်း UN က ဖော်ထုတ်ပေမယ့် လက်နက်ကိုင် အရေးတွေဟာ အခုထိ ကမ္ဘာက စိတ်ဝင်စားမှု နည်းပါးနေဆဲပါ။ ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးကိုသာ အာရုံစိုက်မှု များပေမယ့် ဒီဒေသတွေက မိန်းကလေးငယ်တွေ အရေးဟာ လူမသိပဲ ဖုံးကွယ်ခံရတဲ့ ရာဇဝတ်မှုတွေဖြစ်နေတာပါ။

စစ်အခြေအနေကြောင့် အများစုဟာ သူတို့အရပ်ဒေသမှာ ချောင်ပိတ်မိနေကြရပါတယ်။ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်မှုတွေနဲ့ တရုတ်ရဲ့ သတို့သမီး လိုအပ်ချက်တွေက မိန်းကလေးတွေကို ဘာမှပြန်မပြောနိုင်တဲ့ အနိုင်ကျင့်ခံဘဝကို တွန်းပို့နေတာပဲဖြစ်ပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က