နေတိုးက သူ့ကိုချစ်တဲ့ ကလေးတွေ၊ သူကိုယ်တိုင်ကလည်း ချစ်ခင်ရတဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံခိုက်မှာ အမှတ်တရအဖြစ်လေးတွေကို သဘောကျရယ်မောရင်းပြောပြလာပါတယ်။ ဒီနေ့ခေတ် ကလေးတွေရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အပြုအမူတွေကြောင့် ကိုယ်တိုင်လည်း အံ့သြခဲ့ရပါတယ်တဲ့။
Photo: Nay Toe
သရုပ်ဆောင် နေတိုးက သူ့ကိုလည်း ကလေးတွေက ချစ်သလို ကလေးတွေကိုလည်း သူက ချစ်တတ်သူပါတဲ့။ အခုချိန်မှာလည်း သူ့ကို အရမ်းချစ်ကြတဲ့ IT ၊ ထိပ်ထားသခင် တို့နဲ့လည်း ဆုံခဲ့ပြီးပြီလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ ကလေးတွေကို ချစ်တတ်တယ် ခင်ဗျ။ တော်တော်များများပေါ့နော်။ IT လေးကအစပေါ့ သူတို့ TV ကြည့်တတ်တဲ့အရွယ်မှာ ဦးနေတိုး ဆိုတာကို သူတို့ သိတယ်။ ကျွန်တော့်ကိုလည်း ချစ်ကြတယ်။ ဒါရိုက်တာ သြရသ သမီးလေးဆိုရင်လည်း အဲဒီလိုပဲ။ တွေ့တာနဲ့ကို သူက ရှက်နေတာ။ ကလေးလေးတွေက ကျွန်တော့်ကို တွေ့ရင် အဲဒီလိုပဲ ဘယ်လို ပါရမီလဲတော့ မသိဘူးပေါ့နော်။ ထိပ်ထားတို့နဲ့တွေ့ရင်လည်း ဒီလိုပါပဲ။ ကလေးတွေကလည်း ကျွန်တော်နဲ့ တွေ့ချင်တာက များတယ်’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က စကော့(ပ်) ငှက်သိုက်ရည် Ambassador ခန့်အပ်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Nay Toe
အနုပညာသက်တမ်း ၂၀ ကျော်ရှိပြီဖြစ်တာကြောင့် ကလေးတွေက ဗိုက်ထဲမှာကတည်းက ဦးနေတိုးကို သိနေတာဖြစ်မယ်လို့လည်း နေတိုးက သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။
‘’ ဒီကလေးတွေဆိုတာကတော့ ကျွန်တော် အနုပညာလောကထဲကိုရောက်တာ နှစ် ၂၀ ကျော်နေပြီဆိုတော့ သူတို့ရဲ့ အမေတွေ၊ အဖေတွေနဲ့ ကျွန်တော်က ရွယ်တူလောက်ရှိတဲ့အခါကျတော့ ကျွန်တော့် ဇာတ်ကားတွေကို ကြည့်ပြီး ဒီကလေးတွေက မွေးလာတာဆိုတော့လေ ဒီကလေးတွေ မမွေးခင်ကတည်းက ကျွန်တော့်ကို မြင်ဖူးနေမယ်ထင်ပါတယ်။ မေတ္တာဓာတ်က အဲဒီလိုထင်ပါရဲ့ မမွေးခင်ကတည်းက သူတို့ သိနေတာနေတာပေါ့နော်။ ကိုယ်ဝန်ဆောင်ထားကတည်းက ကျွန်တော့်ကို မြင်ဖူးနေတယ်ထင်တယ်” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
Photo: Nay Toe
ဒီနေ့ခေတ် ကလေးတွေရဲ့ အပြုအမူတွေကလည်း တကယ်ကို အံ့သြစရာကောင်းလောက်အောင် ဖြစ်ခဲ့တယ်လို့ နေတိုးက ပြောပါတယ်။
‘’ အံ့သြဖို့တောင်ကောင်းပါတယ်။ ဒီကလေးတွေရဲ့ အနုပညာ Talent ကလေ သူတို့ကို အရမ်းလည်း အံ့သြမိတယ်။ တကယ့် Amazing ပေါ့နော်။ သူတို့ရဲ အင်တာဗျူးတွေ၊ သူတို့ရဲ့ အပြုအမူတွေ၊ သူတို့ရဲ့ စကားတွေက တစ်ခါတလေကျရင် ကိုယ်တွေတောင်မှ မစဉ်းစားမိဘူး။ ဒီလို ထက်မြတ်တဲ့ ကလေးတွေ အများကြီး ထွက်ပေါ်လာပါစေလို့လည်း ဆုတောင်းပါတယ်’’ လို့ သူကဆိုပါတယ်။
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။