နိုင်းနိုင်းကတော့ သူ့ရဲ့ ရင်သွေးလေးတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားလေ့ရှိတဲ့အကြောင်းတွေ ပြောလာပါတယ်။ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေပေးလိုက်တဲ့ အချိန်မှာ ပိုပြီးတော့ ပျော်စရာကောင်းလာတယ်လို့ ဆိုပါတယ်။
Photo: Actor 99
သရုပ်ဆောင် နိုင်းနိုင်း က သူနဲ့ မိသားစုနဲ့ နွေးထွေးမှုတွေကို ပြောပြလာပါတယ်။ မကြာခဏဆိုသလို ကလေးတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ဖြစ်တဲ့ အကြောင်းလေးတွေကို မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အစ်ကို ဟိုမှာ သွားနေတဲ့ ကာလတွေ၊ ကလေးတွေ ကျောင်းပိတ်တဲ့ နွေရာသီကာလမှာ အစ်ကို သွားနေတယ်။ အဲဒီအခါကျရင် ကလေးတွေနဲ့ ဆော့နေတာလေးတွေကို ပရိသတ်တွေလည်း သိစေချင်လို့ Sharing လုပ်ရင်းက အစ်ကို့ရဲ့ Actor 99 Page မှာ ကိုယ်ကိုယ်တိုင်ရိုက်တယ်၊ ဆက်တယ်၊ တင်တယ်။ အဓိက ကတော့ ပျော်ရွှင်စရာလေးတွေအကုန်လုံးကို Sharing လုပ်တာပါ’’ လို့ သူကဆိုပါတယ်။
Photo: Actor 99
သားသမီးတွေကို အချိန်ပေးရင်း ပျော်ပျော်ရွှင်ရွှင် အတူတူဆော့ခဲ့တဲ့ အမှတ်တရတွေကိုလည်း နိုင်းနိုင်းက ပြန်လည်ပြောပြလာပါတယ်။
‘’ ကလေးတွေနဲ့လည်း ပိုရင်းနှီးလာတယ်။ သူတို့တွေနဲ့လည်း Close ဖြစ်တယ်ဆိုတာ သူတို့နဲ့ Level တူပေါင်းလိုက်တဲ့ သဘောပေါ့နော်။ အဲဒီအခါကျတော့ ကလေးတွေက ကိုယ့်အပေါ် ပွင့်ပွင့်လင်းလင်းရှိလာတယ်။ အကုန်လုံးလည်းတိုင်ပင်တယ်၊ အတူတူဆော့ အတူတူစားကြတဲ့ အခါကျတော့ သူတို့ဖြစ်ချင်တာလေးတွေ၊ သွားချင်တာလေးတွေ ပြောပြတော့ အရမ်းကို Close ဖြစ်သွားတယ်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့ ညက ‘’ ကမ္ဘာနှစ်ထပ်’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Actor 99
နိုင်းနိုင်းဟာ သူ့ရဲ့ အနုပညာအလုပ်တွေ လုပ်စရာရှိရင်တော့ မြန်မာနိုင်ငံကို ပြန်လာတတ်ပါတယ်။ အဲဒီအခါမှာတော့ မိသားစုနဲ့ ခွဲခွာရတဲ့ အချိန်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
‘’ ကလေးတွေနဲ့ ကျွန်တော်က တစ်ခါတစ်လေမှ တွေ့ရတဲ့အခါကျတော့ တွေ့တဲ့အချိန်လေးမှာပဲ တကယ်ကို အချိန်ပေးပြီးတော့သူတို့နဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် နေလိုက်တဲ့အခါမှာ ကိုယ်မရသေးတဲ့ အချိန်တွေကို ကလေးတွေဆီကနေ ပြန်ယူလိုက်တဲ့ သဘောပါပဲ။ ကိုယ်ကလည်း သူတို့အတွက်အချိန်ပေး၊ သူတို့ကလည်း ကိုယ်နဲ့ ပိုအချိန်ပေးဖြစ်တော့ အပြန်အလှန်သဘောလေးတွေဖြစ်သွားတာပေါ့’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Actor 99
နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။