အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့ ဆင်ခြေဖုံးရှိ လူနေရပ်ကွက်တစ်ခုမှာ အင်ဂျင်နှစ်လုံးတပ် လေယာဥ်ငယ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ထိုလေယာဥ်ဟာ အန္တရာယ်ရှိတဲ့အထိ အနိမ့်ပျံသန်းနေခဲ့တာကြောင့် အကြိမ်ကြိမ် သတိပေးခဲ့ပြီးနောက် လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့တာဖြစ်ကြောင်း လေကြောင်းထိန်းသိမ်းရေး မှတ်တမ်းအရ သိရှိရပါတယ်။ Cessna 340 လေယာဥ်ဟာ မြေပြင်ရှိ United Parcel Service of America (UPS) ကုမ္ပဏီရဲ့ ဗန်ကားတစ်စီးကို တိုက်မိခဲ့ပြီး ကားမောင်းသူ သေဆုံးခဲ့ပါတယ်။
(Photo: AP)
ထို့နောက် နေအိမ်တွေကို ဆက်လက်တိုက်မိခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက စန်ဒီယေဂိုမြို့ ဆင်ခြေဖုံးရှိ လူဦးရေ ၅၀,၀၀၀ နေထိုင်ကြတဲ့ Santee အရပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း လေယာဥ်မောင်းသူလည်း သေဆုံးခဲ့ပြီး မြေပြင်မှာရှိနေသူ အနည်းဆုံး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေအနက် မီးလောင်နေတဲ့ နေအိမ်ရဲ့ ပြတင်းပေါက်ကနေ အိမ်နီးချင်းတွေက ကူညီကယ်ဆယ်ပေးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့လေယာဥ်ဟာ စန်ဒီယေဂိုရှိ Montgomery-Gibbs Executive လေဆိပ်မှာဆင်းသက်ရန် ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။
(Photo: AP)
ပျက်မကျမီ ပြေးလမ်းနဲ့ တစ်မိုင်အောက် အကွာအဝေးကို လေယာဥ်ရောက်ရှိလာစဥ် လေယာဥ်ဟာ အလွန်နိမ့်စွာပျံသန်းနေကြောင်း လေကြောင်းထိန်းသိမ်းရေးက လေယာဥ်မှူးကို သတိပေးခဲ့ပါတယ်။ လေကြောင်းထိန်းသိမ်းရေးက လေယာဥ်ကို အမြင့်ပေ ၅,၀၀၀ ကို ပြန်တက်သွားရန် အကြိမ်ကြိမ် သတိပေးခဲ့ပြီး ထိုစဥ်က လေယာဥ်ဟာ အမြင့်ပေ ၁,၅၀၀ ကနေသာ ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။
ပျက်ကျခဲ့တဲ့လေယာဥ်ကို ဒေါက်တာ Sugata Das ဆိုသူက ပိုင်ဆိုင်ကြောင်းနဲ့ ၎င်းဟာ လေယာဥ်ကို ကိုယ်တိုင်မောင်းလာခဲ့ခြင်းဖြစ်ပြီး ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။ ဒေါက်တာ Sugata Das က အာရီဇိုးနားပြည်နယ်ရှိ Yuma Regional Medical Center ဆေးရုံမှာ ဆေးဘက်ဆိုင်ရာ အရာရှိချုပ်အဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း AP သတင်းက ဖော်ပြပါတယ်။