မမ လို့ ခေါ်ရင် ဖီလင်က တစ်မျိုးကြီးပဲ။

ယွန်းယွန်းက သရုပ်ဆောင်နဲ့ ပတ်သက်လို့ လူကြီးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကို ရောက်လာခွင့်မရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ ဆိုပါတယ်။

Photo: Hsu



ပရိသတ်အချစ်တော်မလေး ယွန်းယွန်းက အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်တွေက ကလေးတစ်ယောက်လိုသာ မြင်နေကြတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း လူကြီးကာရိုက်တာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်မရသေးဘူးလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ကလေးလိုပဲ မြင်နေကြတုန်းပေါ့နော်။ ပြီးတော့ ညီမမျက်နှာက သိပ်အပြောင်းအလဲမရှိဘူး။ အခုချိန်ထိလည်း လူကြီးကာရိုက်တာနဲ့ ပီပီပြင်ပြင်တစ်ကားမှ မရိုက်ပြရသေးဘူးဆိုတော့ ညီမကို ကလေး သရုပ်ဆောင်လို့ပဲ မြင်ကြမှာပေါ့နော်။ အဓိက ကတော့ ညီမအပေါ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးနေတယ်ဆိုတာနဲ့တင် ကျေးဇူးတင်ပါတယ်’’ လို့ B&F Fashion ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Yoon Yoon

သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ ဒါပေမယ့်လည်း ဂျူနီယာကလေးတွေက မမလို့ခေါ်တာကိုတော့ စိတ်ထဲ ဘဝင်မကျပုံပါပဲ။

‘’ယွန်းက ကိုယ့်ဘာသာကိုယ်တော့ ကလေးပဲ ထင်နေတာလေ။ ကလေးလိုပဲ နေလာတာကလည်း တော်တော်ကြာပြီဆိုတော့ အခုကျတော့ ကိုယ့်ရဲ့ ဂျူနီယာလေးတွေနဲ့တွေ့ရင် မမယွန်း၊ မမယွန်းဆိုတော့ Feeling ကြီးကတော့ တစ်မျိုးပဲပေါ့နော်။ ညီမကတော့ ကိုယ်ကလေးလုပ်ရတဲ့ ပတ်ဝန်းကျင်မှာနေတာ ကြိုက်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Yoon Yoon

ယွန်းယွန်းဟာ မွေးချင်းမောင်နှမ မရှိတဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေအပေါ် ကလေးလို နေခဲ့တာဖြစ်ပြီး ဆုံးမသွန်သင်မှုတွေကိုလည်း ခံယူချင်ပါသေးတယ်တဲ့။

‘’အခုချိန်ထိ ကလေးလိုမျိုး လူကြီးတွေ ဆုံးမတယ်၊ ချစ်ပြီးတော့ နေနေရတဲ့ ဘဝမှာ ပျော်နေသေးတယ်။ ကိုယ်ကိုယ်တိုင်က ကျောင်းမပြီးသေးလို့လည်း ပါမယ်ထင်တယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်တော့ ပိုပြီး လူကြီးဖြစ်လာမှာပေါ့’’ လို့ ဆိုပါတယ်။


Photo: PHONN

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က