မြနှင်းရည်လွင် တို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း ၅ နှစ်တာကာလအထိ ရင်သွေးလေး မယူဖြစ်သေးတဲ့အကြောင်းပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူကလည်း အပြည့်အဝ နားလည်ပေးထားတယ်လို့ဆိုပါတယ်။
Photo: Mya Hnin Yee Lwin
သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်တို့ ဟာ မကြာခင်မှာ အိမ်ထောင်သက်တမ်း ၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဇနီးမောင်နှံ နှစ်ယောက်မှာ ရင်သွေးလေး မရှိသေးတဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ကလေးကတော့ မယူဘူး။ အစ်မတို့ နှစ်ယောက်စလုံးကလည်း ကလေးယူမယ်ဆိုတဲ့ စိတ်လည်းမထား ထားဘူး။ တော်ကြာ အရမ်းကိုလိုချင်လို့ မရဘူးဆိုရင်လည်း စိတ်ဆင်းရဲရမယ်။ အရမ်းမတွေးထားဘူး ကံပါလို့ ရလာမယ်ဆိုရင်လည်း ရသွားတယ်ပေါ့လေ။ ဒီကိစ္စကို အရမ်းမတွေးတော့ဘူး။ မရရင်လည်း အရမ်းစိတ်ပင်ပန်းရတယ်လေ။ အဲဒီတော့ ခွေးကိုပဲ ကလေးလုပ်ထားလိုက်တာပေါ့နော်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Mya Hnin Lwin
အိမ်ထောင်ရေးမှာ ကလေးမရှိပေမယ့်လည်း အစစအရာရာ အဆင်ပြေတယ်လို့ မြနှင်းရည်လွင်က ပြောပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အနုပညာအလုပ်တွေကို ခင်ပွန်းဖြစ်သူက အပြည့်အဝ ကူညီပေးတယ်လို့ ဆိုပါတယ်။
‘’ကိုယ့် အိမ်ထောင်ရေးကလည်း အဆင်ပြေနေတဲ့လူပေါ့နော်။ ဒါပေမယ့် အရှေ့ကိုတော့ ကြိုမမြင်နိုင်ဘူးပေါ့။ အခုလက်ရှိမှာတော့ သူက ၁၀၀ ရာခိုင်နှုန်း နားလည်ပေးတယ်။ ဒီအလုပ်ကိုလည်း အားကြိုးမာန်တက် ကူညီပေးတယ်ဆိုတော့ ပြဿနာတော့ မရှိသေးဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Mya Hnin Yee Lwin
မြနှင်းရည်လွင်ဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ဆောင်ရွက်လာတဲ့အခါမှာတော့ သူ့ကို အိမ်ထောင်ရှိမှန်း မသိတဲ့ ပရိသတ်တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
‘’ အိမ်ထောင်ပြုပြီးသွားလို့ ပရိသတ်တွေကလည်း အားမပေးတော့ဘူးဆိုတာမျိုးတော့ မရှိပါဘူး။ အိမ်ထောင်ရှိတယ်လို့ သူတို့ သိလိုက်ရတဲ့အချိန်မှာလည်း မထင်ထားဘူးဆိုတာလောက်ပဲ။ နောက်ကျတော့ ကိုမျိုးသွင်ကို သူတို့ သိသွားတဲ့ အခါမှာလည်း ပိုပြီးတော့ အားပေးလာကြတာမျိုးတွေရှိတယ်။ အခုချိန်ထိတော့ ကံကောင်းနေသေးတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Mya Hnin Yee Lwin
သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် ၂၀၁၄ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။
Share