ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပြိုင်ဘက်တွေကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြောင်း အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (Cambodian People's Party - CPP) က ယနေ့ (ဇူလိုင် ၂၉ ရက်) မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအုပ်စုတွေကတော့ ယနေ့ ပြုလုပ်ခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် အာဏာ ဆက်လက်ချုပ်ကိုင်မည့် ဟွန်ဆန် (Photo: Reuters)





ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရွေးကောက်ခံမယ့် အဓိက အတိုက်အခံမရှိခဲ့ဘဲ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ၎င်းရဲ့ အာဏာရ CPP ပါတီကပင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမယ်လို့လည်း ကြိုတင်မျှော်လင့်ထားကြပါတယ်။

သို့သော် ဝေဖန်သူတွေကတော့ ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ကြောင်း၊ ဟွန်ဆန်နဲ့ ၎င်းရဲ့မဟာမိတ်တွေက ခြိမ်းခြောက်စည်းရှုံးမှုတွေ ပြုလုပ်ခဲ့ကြကြောင်း ပြောဆိုကြပါတယ်။

ကမ္ဘောဒီးယားမှာ အာဏာပိုင်တွေက အဓိက အတိုက်အခံ CNRP (Cambodia National Rescue Party) ပါတီကို ယမန်နှစ်အတွင်း ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင် Kem Sokha ကိုလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် စွဲချက်တင်ကာ ဝေးလံတဲ့ အကျဉ်းထောင်သို့ ပို့ဆောင်အကျဉ်းချထားခဲ့ရာ ဝေဖန်မှုထွက်ပေါ်နေခဲ့ပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ မဲပေးနေသည့် အမျိုးသမီးတစ်ဦး (Photo: Reuters)



ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပြိုင်ဘက်တွေကလည်း အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။ CPP ပြောခွင့်ရပုဂ္ဂိုလ် Sok Eysan က ၎င်းတို့ပါတီဟာ လွှတ်တော်အမတ်နေရာ ၁၂၅ ခုအနက် ခန့်မှန်းခြေအားဖြင့် အမတ်နေရာ ၁၀၀ အတွက် အနိုင်ရခဲ့ကြောင်း ပြောခဲ့ပါတယ်။

"CPP က မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်၊ ကျွန်တော်တို့ အမတ်နေရာ ၁၀၀ အောက်မလျော့ဘဲ အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်" လို့ Sok Eysan က Reuters သတင်းဌာနရဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ပါတီကိုဖျက်သိမ်းပြီး ဖမ်းဆီးခံရသည့် CNRP ခေါင်းဆောင် Kem Sokha (Photo: AFP/Getty Images)



နိုင်ငံတစ်ဝှမ်းမှ ရွေးကောက်ပွဲရလဒ်တွေကို အမျိုးသားရွေးကောက်ပွဲကော်မရှင် (National Election Commision - NEC) က ယနေ့ ကြေညာနေဆဲဖြစ်ပါတယ်။ ကမ္ဘောဒီးယား အထွေထွေးရွေးကောက်ပွဲ တရားဝင်ရလဒ်တွေကို လာမယ့် သြဂုတ်လလယ်အထိ ထုတ်ပြန်ကြေညာဖွယ်မရှိကြောင်း သိရပါတယ်။

"အခုရွေးကောက်ပွဲမှာ စုစုပေါင်း မဲဆန္ဒရှင် ၆.၇၄ သန်း သို့မဟုတ် မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ၈၀.၄၉ ရာခိုင်နှုန်းက မဲပေးခဲ့ကြပါတယ်၊ ဒါက အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်" လို့ NEC ဥက္ကဋ္ဌ Sik Bun Hok က ပြောပါတယ်။ ယနေ့ ပြုလုပ်ခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲကို မဲဆန္ဒရှင် ၈.၃ သန်းက မဲပေးရန်မှတ်ပုံတင်ခဲ့ကြပါတယ်။

ထပ်မံသိရတဲ့ သတင်းအရ လွှတ်တော်အမတ်နေရာ ၁၂၅ နေရာလုံးမှာ ၎င်းတို့ အနိုင်ရခဲ့ကြောင်း အာဏာရ CPP ပါတီက မဲရုံများပိတ်ပြီး ၂၄ နာရီမပြည့်မီမှာ ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က