ကြက်ကြော်ကြွပ်ကြွပ် ပူပူလေး စားချင်တဲ့ ဩစတြေးလျက ဖောက်သည်တွေအတွက် KFC က ဒရုန်းနဲ့ Deli ပို့ပေးနေပြီလို့ ဆိုပါတယ်။
နာမည်ကျော် အသင့်စား Fast-Food Chain ကြီးတစ်ခုဖြစ်တဲ့ KFC ဟာ Wing နဲ့ မိတ်ဖက်ပြု ပူးပေါင်းပြီး ဩစတြေးလျရဲ့ ပထမဆုံး ဒရုန်းနဲ့ အစားအသောက်ပို့တဲ့ ဝန်ဆောင်မှုကို Queensland မှာ စတင်လိုက်တာပါ။ Wing ဟာ Alphabet လုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်နဲ့ လုပ်ငန်းတွေအတွက် ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မျု လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံးဝန်ဆောင်မှုထဲကတစ်ခုလည်း ဖြစ်ပါတယ်။
KFC အစားအသောက်တွေကို ဒရုန်းနဲ့ ပို့ဆောင်ရေးကို Kingston ဆင်ခြေဖုံး အရှေ့တောင်ဘက် Queensland ၊ Logan Central ၊ Slacks Creek ၊ Underwood နဲ့ Woodridge တို့မှာ ရှိတဲ့ အိမ်ထောင်စုအနည်းငယ်အတွက် ကနဦး စတင်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အနီးနားက နေရာတွေကို ဝန်ဆောင်မှုတိုးချဲ့သွားမှာပါ။ KFC အစားအသောက်ပို့တဲ့ ဒရုန်းတွေဟာ တစ်ကြိမ်ကို ၁.၅ ကီလိုဂရမ်အထိ လေးတဲ့ အမှာပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့ အစားအသောက် မှာယူမယ့် စားသုံးသူဟာ App ကနေ အော်ဒါ တင်ပြီးတာနဲ့ ဒရုန်းက သတ်မှတ်ထားတဲ့ နေရာကို အစားအသောက်အထုတ်သယ်ပြီး ပျံသန်းလာမှာ ဖြစ်ပါတယ်။ Wing ရဲ့ ဒရုန်းဟာ အမြင့် ၄၅ မီတာအထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ KFC Australia ရဲ့ မားကတ်တင်းအရာရှိချုပ် ကရစ္စတီ ဝူးလာ့ချ်ကလည်း "ဒရုန်းပို့ဆောင်ရေးဟာ အံ့ဩဖို့ကောင်းတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီဝန်ဆောင်မှုမျိုး ပိုတွင်ကျယ်ဖို့ ရှိပါတယ်။ ဒါကြောင့် Wing နဲ့ လက်တွဲရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။" လို့ ပြောခဲ့ပါတယ်။
"အရှေ့တောင်ပိုင်း Queensland မှာ ကျွန်တော်တို့ရဲ့ ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်ရေး အသုံးပြုမှု သိသိသာသာ မြင့်တက်လာနေတာ တွေ့ရပါတယ်။" လို့ Wing ရဲ့ Queensland မြို့နယ်မန်နေဂျာ ဒေ့ဗ် အိုဂျီယာကို ပတ်တစ်က ပြောပါတယ်။ "၂၀၂၁ ခုနှစ်ထဲမှာ Wing ဟာ Logan ဒေသအတွက် ပစ္စည်းပို့မှုပေါင်း ၁ သိန်းကျော် လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ဖောက်သည်အတော်များများက အိမ်မှာနေရချိန်မျိုးမှာ ဒရုန်းနဲ့ ပစ္စည်းမှာယူတာကို အသုံးဝင်တယ် ဆိုတာ တွေ့ခဲ့ကြသလို လိုတဲ့ ပစ္စည်းကိုလည်း ကျွန်တော်တို့ရဲ့ လူချင်းတွေ့စရာမလိုတဲ့ Contactless Service ပေါ် အားကိုးမှာယူကြပါတယ်။"
Wing ကို ၂၀၁၂ ခုနှစ်ထဲမှာ Google ရဲ့ အထူးလျှို့ဝှက်သုတေသန Lab တစ်ခုဖြစ်တဲ့ Google X ရဲ့ အစောဆုံးပရောဂျက်တွေထဲက တစ်ခုအဖြစ် အလိုအလျောက်မောင်းနှင်နိုင်မယ့် Self-Driving Cars ၊ ကွန်ပျူတာပုံရိပ်ဖော်နည်းပညာသုံး မျက်မှန် AR Glasses ပရောဂျက်တွေနဲ့အတူ စတင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ထဲမှာ Wing ရဲ့ ပထမဆုံးအကြိမ် အစမ်းပရောဂျက်တွေ စတင်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာ Canberra နဲ့ Logan တို့မှာ စီးပွားဖြစ် ပစ္စည်းပို့ဆောင်ရေးပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒရုန်းတွေဟာ အနာဂါတ်လူသုံးကုန် ပို့ဆောင်ရေးထုတ်ကုန်တစ်ခုဖြစ်လာဖို့ ရှိပြီး အစားအသောက် နဲ့ ဆေးဝါးအသုံးအဆောင်တွေလည်း ဒရုန်းနဲ့ပဲ ပို့ဆောင်မှုတွေ လုပ်လာဖို့လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ နှလုံးရောဂါဖောက်ခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် အဖိုးအိုတစ်ဦးကို နှလုံးနှိုးဖို့နှလုံးလျှော့ရိုက်စက်ကို ဒရုန်းနဲ့ လှမ်းမှာယူနိုင်ခဲ့ပြီး အချိန်မှီ အသက်ကယ်တင်နိုင်ခဲ့တာကြောင့် ချမ်းသာရာ ရခဲ့ပါတယ်။
COVID-19 ကပ်ဘေး အရှိန်မြင့်နေစဉ်ကလည်း အိန္ဒိယနိုင်ငံမှာ အစွန်အဖျား ခေါင်လှတဲ့ နေရာဒေသတွေကို ဒရုန်းနဲ့ ကိုဗစ်ကာကွယ်ဆေးပို့ဆောင်မှုတွေ လုပ်ဆာင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒရုန်းတွေကို ပစ္စည်းပို့ဆောင်ရေးအပြင် စောင့်ကြည့်ရေးနဲ့ စိုက်ပျိုးရေးနည်းပညာတွေမှာပါ အသုံးပြုလာမယ်လို့လည်း မျှော်လင့်ရပါတယ်။