ကိုယ်နေဟန်ထား မမှန်လို့ ခါးနာတာ၊ အလေးအပင်မလို့ ခါးနာသွားတာ၊ ချော်လဲတာကြောင့် ခါးနာတာ စတဲ့ပုံစံအမျိုးမျိုးကြောင့် လူတိုင်းခါးနာတဲ့ဝေဒနာကို ခံစားရပါတယ်။ ခါးနာတဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ကုသမလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသသင့်သလဲဆိုတာ ကြည့်ရအောင်။
ဘာကြောင့်ခါးနာကြတာလဲ။
တော်တော်များများကတော့ ပစ္စည်းအလေးတွေကို ကိုယ်နေဟန်ထားမှားပြီး မ, မိတာကြောင့် ကြွက်သားနဲ့ အရွတ်တင်းမာမှုကြောင့် ခါးနာတတ်ကြပါတယ်။ ဒီထက်ပိုပြီးပြင်းထန်ရင်တော့ ခါးရိုးဆစ်ကြားက အရွတ်ပြားလေးက ကျွံပြီး အာရုံကြောမကြီးကို ဖိတဲ့အတွက် နာတတ်ပါတယ်။ အရိုးအဆစ်ယောင်ရောဂါကြောင့်လည်း ခါးနာတတ်သလို အရိုးပွရောဂါအခံရှိတဲ့သက်ကြီးပိုင်းတွေမှာလည်း ချော်လဲတာ၊ အလေးအပင်မတာ တွေကနေ ခါးနာတာကတစ်ဆင့် ခါးဆစ်ရိုးကျိုးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။
Photo : Freepik
အိမ်မှာ ရုတ်တရက်ခါးနာလာပြီဆိုရင်
· အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးကို အစာနဲ့တွဲသောက်ပါ။
· ကြွက်သားပြေလျော့စေတဲ့ ဆေးတွေသောက်ပါ။
· ခါးနာတဲ့နေရာကို ရေခဲကပ်၊ အအကိုက်အခဲပျောက်ဆေးလိမ်းပေးပါ။
· အနာသက်သာတဲ့အထိ (အနည်းဆုံး ၃ ရက်ကနေ ၅ ရက်အထိအနားယူပါ)
· ခါးဆစ်ရိုးကျွံနေရင်တေ့ ခါးရိုးဆွဲကုသမှုလုပ်ပါ။
Photo : Freepik
ဆရာဝန်နဲ့ပြသဖို့လိုအပ်တဲ့အခြေအနေများ
· (၄)ပတ်ဆက်တိုက် သက်သာခြင်းမရှိဘဲ နာကျင်ခြင်း
· နာကျင်မှုသက်သာတဲ့ဆေး (အကိုက်အခဲပျောက်ဆေး) အမြဲသောက်နေရခြင်း
· ညအိပ်လို့မရအောင် ခါးနာတဲ့နာကျင်မှုဝေဒနာကိုခံစားနေရခြင်း
· မတော်တဆထိခိုက်လို့ ချော်ကျလို့၊ အမြင့်ကပြုတ်ကျလို့ ခါးနာခြင်း
· ခါးနာခြင်းနဲ့အတူ ခြေထောက်ကြွက်သားများ အားနည်းခြင်း၊ လမ်းလျှောက်ရင်ခြေလက်မသယ်ချင်ဖြစ်ခြင်း
· ခါးနာတာအပြင် ဆီး၊ဝမ်းတွေ မထိန်းနိုင်ခြင်း
· ခါးနာတာအပြင် ဖျားခြင်း၊ ကိုယ်အလေးချိန်လျော့လာခြင်း၊ မစားချင်မသောက်ချင်ဖြစ်လာခြင်း
ဒီလိုမျိုးအခြေအနေတွေမှာတော့ ဆရာဝန်နဲ့အရေးပေါ်ပြသဖို့ လိုအပ်နေပါပြီ။
Photo :Freepik
အသက် (၆၀)ကျော်သူများ သတိထားရမယ့်ခါးနာဝေဒနာ
အသက် (၆၀)ကျော်တွေ သက်ကြီးပိုင်းတွေမှာ ခါးနာဝေဒနာကို ခံစားရရင် စိုးရိမ်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက သက်ကြီးပိုင်းတွေမှာ အရိုးပွရောဂါအဖြစ်များပြီး တစ်စုံတစ်ခုကြောင့် ခါးနာလို့ ဆေးခန်းလာပြရာကနေ အရိုးပွရောဂါအခံကြောင့် ခါးဆစ်ရိုးကျိုးတာမျိုးတွေ ကြုံတွေ့ရပါတယ်။ ဒါကြောင့် အသက် (၆၀)ကျော်သက်ကြီးပိုင်းတွေ ခါးနာတဲ့အခါ တော်တော်နဲ့မသက်သာတာ၊ လှုပ်ရှားလို့မရအောင် နာကျင်တာမျိုးဖြစ်နေတယ်ဆိုပါက ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။
ခါးနာခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ
ခါးနခြင်းကတစ်ဆင့် ခါးရိုးဆစ်ကျိုးတာမျိုးဖြစ်သွားတာကို သေချာမကုသပါက အာရုံကြောပိပြီး လူကြီးပိုင်းတွေမှာ အောက်ပိုင်းလှုပ်ရှားလို့မရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် ခါးနာတာကို ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ တစ်ခါတစ်ရံမှာ ကင်ဆာဖြစ်နေသူတွေအနေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်သွားပြီး ခါးရိုးကိုထိပြီး ခါးနာဝေဒနာခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
“ခါးနာရောဂါဆိုတာ တိကျတဲ့ကုသမှုမရရင် ပိုမိုဆိုးရွားလာနိုင်တာဖြစ်လို့ ထိရောက်အောင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ကုသပေးပါ”
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာဆရာဝန် ဒေါက်တာအိသက်ငြိမ်းမှ ဝေမျှအကြံပြုပေးထားခြင်းဖြစ်ပါသည်။