မွန်းကြပ်ပိတ်လှောင်နေတဲ့ နေ့စဉ်ဘဝတွေကြားထဲက ဖောက်ထွက်ပစ်ဖို့ဆိုရင် အလိုအပ်ဆုံးအရာက အနုပညာပါလို့ပဲပြောပါရစေ။ အနုပညာဟာ လူတွေရဲ့ စိတ်နှလုံးသားအတွက် စိတ်ခံစားချက်အနာတရတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ တကယ်လို့ နေ့စဉ်ဘဝကို ညစ်ညူးပိတ်မိနေတယ်လို့ ခံစားနေရတယ်ဆိုရင် အနုပညာလက်ရာကောင်းကောင်းရှိမယ့် ရပ်ဝန်းလေးတစ်ခုဆီကို ခေါ်ဆောင်သွားခွင့်ပြုပါ။
Image: Jason Slip aka Trash Art
Fine Art ဆိုတာ…….
နေ့စဉ်နေ့တိုင်းမြင်တွေ့နေကျ အရာတွေ ၊ ထိတွေ့ကိုင်တွယ်နေကျ အရာဝတ္တုတွေထဲမှာ အနုပညာမှော်စွမ်းအားတွေက ကိန်းအောင်းတည်ရှိနေတာပါပဲ။ လူသားတို့ ခံစားဖို့အတွက် သီးသန့်တည်ရှိနေတဲ့ ၊ လူတွေရဲ့ အတွေးအမြင်တွေကို အတိုင်းအဆမရှိကျယ်ပြန့်နိုင်တဲ့ ၊ တန်ဖိုးသတ်မှတ်ချက်မရှိ အကန့်အသတ်မရှိတဲ့အရာတွေဟာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပဲ အနုပညာပြယုဂ်တစ်ခုအဖြစ် ရှိနေကြတာပါ။ စိတ်ခံစားချက်တွေ ၊ ခေတ်ရဲ့ စီးဆင်းမှုပုံစံတွေ၊ သက်ရှိသက်မဲ့ရဲ့ တည်ရှိမှုတွေ၊ နက်ရှိုင်းပြီး အဓိပ္ပါယ်ပြည့်စုံတဲ့ အလှတရားတွေ၊ လူတွေကို မျက်လုံးအမြင်ကနေ စိတ်နှလုံးသားထဲ၊ ဦးနှောက်အသိဉာဏ်ထဲ ဝင်ရောက်ခိုနားတဲ့ အရာဟာ အနုပညာပါပဲ။
Image: Jason Slip aka Trash Art
အနုပညာရှင် ပြည့်ဖြိုးသန့်ညို ရဲ့ လက်ရာဆန်းဆန်းတွေ
ဆရာပြည့်ဖြိုးသန့်ညိုရဲ့ လက်ရာတွေဟာ လက်ရှိကမ္ဘာရဲ့ ပရမ်းပတာဖြစ်စဉ်တွေရဲ့ ကွာလှမ်းသောအချိန်ကာလ ဒေသရပ်ဝန်းတစ်ခုမှာ တင်ကျန်ရစ်တဲ့သက်ရှိ ရုပ်သွင်သဏ္ဍာန်တွေကို စိတ်ကူးဖန်တီးထားတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာခေတ်အတွင်းမှာ ပြုလုပ်နေကြတဲ့ အတုယောင်ဖန်ဆင်းမှုတွေက အနာဂတ်မှာ ဘယ်လိုပုံစံတွေ ပြောင်းလဲသွားမလဲဆိုတာတွေကို gaming culture လို ပုံဖော်ဖန်တီးထားတဲ့ လက်ရာတွေဖြစ်ပါတယ်။
Image: Jason Slip aka Trash Art
XENO အနုပညာပြပွဲ
ဒီပြပွဲမှာတော့ ကုန်ဆုံးပျောက်ကွယ်ခဲ့တဲ့ အမှောင်ခေတ်ကြီးစိုးမှုတွေ ၊ အနာဂတ်ကာလကိုအာရုံရစေမယ့် သင်္ကေတ ဒါမှမဟုတ် မှတ်ဉာဏ်ရုပ်သွင်ပုံစံ Gothic fantasy ဆန်ဆန် ဒြပ်မဲ့ပုံကားချပ်တွေ၊ အမှောင်ခေတ်ရဲ့ ခြောက်လှန့်နေမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာပါ။
စိတ်ကူးယဉ် eternal kingdom တစ်ခုရဲ့ အသွင်ရှိပြီး epic, organic, giant, hegemony, godray, dramatic, rococo, baroque စတဲ့ ရသဟန်တွေကို ပေါင်းစပ်ပုံဖော်ထားတာဖြစ်ပါတယ်။
ကမ္ဘာဦးသမိုင်းက သက်ရှိရုပ်ကြွင်းတွေလိုပဲ ယနေ့ကမ္ဘာရဲ့ နည်းပညာခေတ်ရုပ်ကြွင်းသစ်တွေ၊ နာမ်ဝိဉာဉ်လောကနဲ့ သက်ရှိသဘာဝယဉ်ကျေးမှုတွေကို ရောယှက်ဖန်တီးထားပါသေးတယ်။
Image: Jason Slip aka Trash Art
Steel, Plastic, magnet, wax, glass, marble, resin, teak wood, silicon, LED light, acrylic and metal စတဲ့ မီဒီယံအမျိုးစားတွေကို သုံးထားတဲ့အတွက် ပြခန်းကြီးတစ်ခုလုံးက လူနဲ့ သက်ရှိမျိုးစိတ်တွေ ဆက်စပ်ယှဉ်တွဲဖြစ်တည်နေတဲ့ ရေမြေသဘာဝဇီဝမျိုးကွဲအရာဝတ္ထုတွေအပေါ် နည်းပညာခေတ်ရဲ့ ပေါက်ကွဲလွင့်စင်ကျန်ရစ်တဲ့ ရုပ်ကြွင်းဟင်းလင်းပြင်တစ်ခုလိုမျိုး ခံစားသွားရစေနိုင်ပါတယ်။
ဒီလို ခမ်းနားကြီးကျယ်တဲ့ အနုပညာတွေ ၊ အကန့်အသတ်မရှိ ဖန်တီးပုံဖော်ထားသော အနုပညာလက်ရာတွေကို ခံစားချင်တယ်ဆိုရင်တော့ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့ထိ 39လမ်း ကမ်းနားဘလောက် The Strand Mansion (Maw Yone Cafe မော်ရုံကဖေး အပေါ်ထပ်) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်လို့ အနုပညာကို ချစ်မြတ်နိုးကြတဲ့ Duwun ပရိသတ်တွေအတွက် လက်တို့ပေးလိုက်ပါရစေ။