ဝက်စ်ဟမ်း-ချယ်လ်ဆီးပွဲကတော့ တော်တော်လေးကြည့်ကောင်းခဲ့ပြီး ပရိသတ်တွေသဘောကျခဲ့မှာ သေချာပါတယ်။ ချယ်လ်ဆီးကို ၂ ဂိုးသွင်းခဲ့တာနဲ့တင် ဝက်စ်ဟမ်းက အသိအမှတ်ပြုရမှာဖြစ်ပြီး ရှုံးပွဲဆက်နေမှုတွေက အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီလားလို့တောင် ထင်စရာဖြစ်ခဲ့ရတဲ့အထိ ချယ်လ်ဆီးကို သူတို့ အပြန်အလှန်ကစားနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးကလည်း ပုံစံမပျက်စတမ်းကစားနိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်တွေကို ထိန်းသိမ်းမှုမှာ အားနည်းခဲ့လို့ ဂိုးတွေပေးခဲ့ရတာပါ။ အထူးသဖြင့် ဂျော်ဂျင်ဟို ခြေစွမ်းကျလာတာက တူချယ်လ်အတွက် ခေါင်းကိုက်စရာပါ။ ဒေးဗစ်မိုယက်စ်လက်ထက်မှာ ခြေစွမ်းမာကျောလာတဲ့ ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ချယ်လ်ဆီးကို ခြိမ်းခြောက်နိုင်ခဲ့ပြီး သူတို့ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာကိုပါ ပြသနိုင်ခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားက ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့ပြီး ချေပဂိုးပေးရမယ့် အနေအထားကိုလည်း ဖျက်ထုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့အမှားကနေ မန်ဒီလည်း ဘယ်လိုမှမတတ်နိုင်ဘဲ ပင်နယ်တီပေးရတဲ့အထိ ဖျက်ထုတ်ခဲ့ရပြီး လန်ဇီနီက ဝက်စ်ဟမ်းအတွက်ချေပသွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ မေဆန်မောင့်က ဇီယက်ရဲ့ ဖန်တီးပေးမှုကနေ မြေမကျကန်သွင်းပြီးဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ ချယ်လ်ဆီးတို့ ၁-၂ နဲ့ ဦးဆောင်ခဲ့ပါတယ်။
နှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးသမားတွေလက်စွမ်းပြမှု၊ လွဲချော်မှုတွေကြောင့် ဂိုးထပ်ရဖို့အလှမ်းဝေးခဲ့ရပါတယ်။ နောက်ဆုံးအချိန်ထိ ကစားအားလုံး၀မချဘဲ နှစ်သင်းစလုံးအကောင်းဆုံးပုံစံမပျက်ကစားခဲ့ကြတာက ဒီပွဲရဲ့အနှစ်သာရပါပဲ။ ချယ်လ်ဆီးက တိုက်စစ်ဆင်လိုက်၊ ဝက်စ်ဟမ်းက ထိုးဖောက်လိုက်၊ ခံစစ်သမားတွေက ထိန်းချုပ်ခဲ့ကြနဲ့ အချိန်ဘယ်လိုကုန်မှန်းတောင်မသိခဲ့ရပါဘူး။
ပွဲကစားချိန် ၈၈ မိနစ်မှာတော့ လက်ပစ်ဘောကတဆင့် ဝက်စ်ဟမ်းတို့ထိုးဖောက်ခဲ့ရာမှာ ဧရိယာအပြင်ဘက်ဘယ်ခြမ်းကနေ မာဆူကာက လှမ်းကန်ခဲ့ရာမှာ ဂိုးရှေ့ထွက်နေတဲ့ မန်ဒီကိုကျော်ပြီး ဝင်သွားခဲ့လို့ ဝက်စ်ဟမ်းတို့နိုင်ပွဲရသွားခဲ့ပါတယ်။ ချယ်လ်ဆိးအတွက်တော့ ပထမဆုံးအကြိမ် ဒီရာသီမှာ ၃ ဂိုးပေးခဲ့ရတဲ့အပြင် ရှုံးပွဲပါတွေ့သွားခဲ့ရပြီး မန်စီးတီးကို အခွင့်အရေးပေးသလိုဖြစ်သွားခဲ့ရပါပြီ။