ကမ္ဘာ့အဖြစ်အများဆုံးရောဂါစာရင်းတွေထဲမှာ ခံတွင်းကင်ဆာက နံပါတ် (၆) နေရာမှာရှိနေသလို မြန်မာနိုင်ငံမှာလည်း ခံတွင်းကင်ဆာဖြစ်ပွားမှုအခြေအနေက နံပါတ် (၅) နေရာမှာရှိနေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ဒီတော့ ခံတွင်းကင်ဆာက ဘာကြောင့်အဖြစ်များရတာလဲ။ ခံတွင်းကင်ဆာကို အချိန်မီ ဘယ်လိုကုသကြမလဲဆိုတာ ဝေမျှပေးသွားမှာဖြစ်ပါတယ်။
ခံတွင်းကင်ဆာ အဖြစ်များတဲ့အကြောင်းရင်း
ခံတွင်းကင်ဆာ အဖြစ်များတဲ့ အခြေခံအကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာတွေကြောင့်ဖြစ်ပါတယ်။
ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေနဲ့ အရက်သောက်တာတွေကလည်း ခံတွင်းကင်ဆာအဖြစ်များစေတဲ့အကြောင်းရင်းတစ်ခုပါ။
Photo : Freepik
ခံတွင်းကင်ဆာ ဖြစ်စေတဲ့အကြောင်းအရာများ
ကွမ်းစားခြင်း
ပါးစောင်မှာ ဆေးရွက်ကြီး၊ ကွမ်းသီး၊ထုံး ငုံခြင်း
ခံတွင်းသန့်ရှင်းမှု အရမ်းအားနည်းခြင်း
အရက်အလွန်အကျွံသောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
ချွန်ထက်တဲ့သွားတွေက ပါးစောင်တွေကိုထိခိုက်နေခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ခံတွင်းကင်ဆာအဖြစ်များသူများ
မျိုးရိုးမှာ ကင်ဆာဖြစ်ဖူးတဲ့သူတွေ၊
အံကပ်သုံးပြီးသေချာမသန့်ရှင်းသူတွေ၊
အရက်၊ဆေးလိပ် သောက်သုံးသူတွေ
ကွမ်းအလွန်အကျွံစားသုံးသူတွေ ဖြစ်ကြပါတယ်။
ခံတွင်းကင်ဆာအဆင့်အထိမရောက်ခင်မှာ ခံတွင်းကင်ဆာ အကြိုနာဆိုပြီး ဖြစ်တတ်ပါတယ်။
Photo : Freepik
ခံတွင်းကင်ဆာအကြိုနာလက္ခဏာများ
ခံတွင်းအမြှေးပါးနဲ့ လျှာမျက်နှာပြင်မှာ အဖြူကွက်၊အနီကွက်များ စတင်ဖြစ်ပေါ်လာခြင်း၊
လျှာနဲ့ပါးစောင်မှာ ပူစပ်နေခြင်း၊
အပူအစပ်များ မစားနိုင်တော့ခြင်း၊
ပါးစပ်ဟရခက်ခဲလာခြင်းတို့ ဖြစ်လာပါတယ်။
ခံတွင်းပါးစောင်နံရံတွေ အကွက်လိုက် အကွက်လိုက်ဖြစ်လာတယ်။ တစ်ချို့ပါးစောင်က အရမ်းမာလာပြီးတော့ ပါးစပ်မဟနိုင်တော့ဘူးဆိုရင် ခံတွင်းကင်ဆာနာဖြစ်နိုင်သလို ခံတွင်းကင်ဆာဖြစ်နိုင်တဲ့လက္ခဏာတွေပါ။ဒီလိုဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်ဆရာဝန်များနဲ့ ကုသမှုခံယူသင့်ပါတယ်။
ဒီလိုတွေမလုပ်ပါနဲ့။
ခံတွင်းနဲ့ပတ်သက်ပြီး ခုနက ဖော်ပြထားတဲ့ လက္ခဏာတစ်ခုခုဖြစ်လာရင် တိုင်းရင်းဆေးတွေ လိမ်းတာ ပွတ်တာမျိုးတွေ မလုပ်ပါနဲ့။ အထူးသဖြင့် ဆေးမှီတိုတွေနဲ့ မကုသသင့်ပါဘူး။ အနာသေးသေးကနေ အနာကြီးကြီးဖြစ်လာနိုင်တယ်။ နီးစပ်ရာ ဆေးခန်းတွေမှာ စနစ်တကျပြသင့်ဖို့ အရေးကြီးပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ My Dentist ဆေးခန်းမှ ဒေါက်တာ ကျော်ရှိန်းရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။