စနစ်တကျဂရုစိုက်မယ်ဆိုရင် အနံ့ဆိုးတွေ ပျောက်ကင်းသွားမှာပါ။

ခံတွင်းနံ့ဆိုးခြင်းက လူတော်တော်များများရဲ့ အဓိက ပြဿနာဖြစ်သလို မိမိကိုယ်ကို ယုံကြည်မှုလည်း ပျောက်ဆုံးစေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးစေတဲ့ ပြဿနာတွေကို အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ ဘယ်လိုဖြေ ရှင်းသင့်ပါသလဲ။ ဘာတွေက သင့်ခံတွင်းနံ့ကို ဆိုးစေတာလဲ။



ဘာလို့ ခံတွင်းနံ့ နံတာလဲ

ပါးစပ်ထဲမှာ အစာတွေ အများကြီးစားကြတယ်။ အဲဒီအစာတွေ အများကြီးကို အပြည့်အဝမသန့်ရှင်းနိုင်တဲ့အခါ စားကြွင်းစားကျန်တွေက သွားနှစ်ချောင်းကြားထဲမှာပဲ ဖြစ်ဖြစ်၊ သွားဖုံးကြားထဲမှာပဲ ဖြစ်ဖြစ် အများကြီး ကျန်ခဲ့ပါတယ်။ စားကြွင်းစားကျန်တွေက လျှာမှာလည်း ကပ်ပြီး ကျန်ခဲ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ဘက်တီးရီးယားတွေ ခံတွင်းထဲမှာ အလွန်များပြားလာပြီးတော့ သင့်ခံတွင်းနံ့ဆိုးလာစေတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ စကားပြောလို့ မရနိုင်တော့တဲ့အထိ နံလာတတ်ပါတယ်။

ခံတွင်းနံ့ မနံအောင် လုပ်သင့်တဲ့ အလွယ်ကူဆုံး နည်းလမ်းများ

Photo - drpillai.in

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

ခုနက ပြောပြခဲ့သလိုပဲ..ခံတွင်းထဲမှာ စားကြွင်းစားကျန်တွေကြောင့် ဘက်တီး ရီးယား ပမာဏ များပြားလာတာက အစားအသောက်စားတဲ့အခါ ပလုတ်မကျင်းဖြစ်တာကြောင့်နဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ ဒါကြောင့်မို့ အစားစားပြီးတိုး ပလုတ်ကျင်းပါ။

တစ်နေ့နှစ်ကြိမ်သွားတိုက်သင့်တဲ့အပြင် သွားဖုံးနဲ့ လျှာကိုပါ ပွတ်တိုက်ပါ

သွားတိုက်တဲ့အခါကျရင်လည်း သွားကိုပဲ တိုက်ပြီးတော့ သွားပွတ်တံကို သွားဖုံးပေါ်ကနေ ထားပြီး မတိုက်ကြပါဘူး။ အဲဒီတော့ သွားနဲ့သွားဖုံးကြားထဲမှာပဲ ဖြစ်ဖြစ်၊ သွားနှစ်ချောင်းကြားထဲမှာ စားကြွင်းစားကျန်တွေက ကပ်ပြီး ကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် မဖြစ်မနေသွားတိုက်သင့်တဲအပြင် သွားဖုံးနဲ့ လျှာကိုပါ ပွတ်တိုက်ပေးပါ။

သွားပွတ်ကြိုးသုံးပေးပါ

သွားတိုက်ပြီးသွားတဲ့အခါမှာလည်း ရံဖန်ရံခါ သွားပွတ်ကြိုးသုံးပေးသင့်ပါတယ်။ သွားပွတ်ကြိုးက သွားနှစ်ချောင်းကြားထဲမှာ အစာညပ်တာတွေ ဖယ်ပေးခြင်းဖြင့် သွားပိုးစားတာကို ကာကွယ်ပေးနိုင်ပါတယ်။

သွားပွတ်တံကို သေချာရွေးချယ်ပါ

ကိုယ်တိုက်မယ့် သွားပွတ်တံကို Soft Toothbrush သုံးမှာလား။ Extra Soft Toothbrush သုံးမှာလားဆိုတာကို သေချာရွေးဝယ်ပါ။

Photo - smilebeautifuldental

အံကပ်ကို သေချာသန့်ရှင်း‌ရေးလုပ်ပါ

အသက်ကြီးပိုင်းသူတွေဆို အံကပ်တပ်ကြပါတယ်။ အံကပ်တပ်ပေမယ့် သေချာမဆေးကြောဘူးဆိုပါက အံကပ်တစ်ခုလုံး ဘက်တီးရီးယားတွေနဲ့ ကပ်ပြီး ကျန်နေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အံကပ်တတ်တဲ့ သက်ကြီးပိုင်းတွေအနေနဲ့ အံကပ်ကို သေချာစွာ သန့်ရှင်း‌ပါ။ ခံတွင်းနံတာနဲ့ ပတ်သက်ပြီးတော့ ခံတွင်းထဲမှာ ဘက်တီးရီးယား ပမာဏလျော့ကျဖို့ သွားကိုစနစ်တကျတိုက်တဲ့အကျင့်အပြင် သွားပွတ်ကြိုးသုံးမယ်။ အိပ်ခါနီး ငုံ‌ဆေးငုံမယ်ဆိုပါက အမြန်ဆုံးပျောက်ကင်းသွားမှာပါ။

ဘယ်အချိန်မှာ ဆေးခန်းသွားသင့်ပြီလဲ

ခုနက နည်းလမ်းတွေကို ပုံမှန်အသုံးပြုပေမယ့်လည်း ခဏလေးအတွင်းမှာ ခံတွင်းမသန့်တော့ဘူး။ စိတ်ထဲမှာ ယုံကြည်မှု မရှိတော့ဘူး။ အနံ့ နံနေသလို ခံစား ရတတ်တယ်။ အဲဒီအခါမှာ ပီကေတွေ၊ ဆောင်ဖြစ်တယ်၊ ဝါးဖြစ်တယ်။ ခံတွင်းနံ့ ပျောက်တဲ့ ငုံဆေးရည်တွေ ဆောင်ဖြစ်တယ်။ အဲဒါကို အမြဲသုံးဖြစ်တယ်။ ဒါတွေက လူတစ်ယောက်နဲ့ စကားပြောတိုင်း သုံး ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သွားသန့်ရှင်းရေး ပုံမှန်လုပ်ပေမယ့်လည်း မလုံလောက်တဲ့သူတွေအနေနဲ့ကတော့ ၄ လတစ်ကြိမ် သွားဆေးခန်းမှာ ကျောက်ခြစ်ပေးသင့်ပါတယ်။ ကျောက်တွေထပ်မကပ်အောင်လို့ သွားတိုက်ပုံနည်းစနစ်အမှန်ကိုလည်း ဆရာဝန်တွေဆီကနေ အကြံဥာဏ်ရယူပါ။

ခံတွင်းနံ့ နံခြင်းကနေ သွားဖုံးရောင်ရောဂါဖြစ်လာနိုင်

သွားမျက်နှာပြင်မှာ သွားပိုးစားတဲ့ အပေါက်တွေ ရှိပါတယ်။ သွားနှစ်ချောင်းကြားတွေမှာလည်း အမြစ်ထိ ဝင်ပြီး အပေါက်တွေ ဖြစ်နေတတ်ပါတယ်။ အဲဒီလို အပေါက်တွေက အလွယ်တကူ အစာဝင်နိုင်သလို အစာဝင်ပြီးသွားတဲ့အခါမှာလည်း ပြန်ထွက် ရခက်ပါတယ်။အဲဒီလိုအချိန်ကျ ရင် ပလုပ်ကျင်း ရုံလောက်နဲ့ မ ရတဲ့အတွက် သွားကြားထိုးတံတွေနဲ့ ထိုးတယ်။ သွားပွတ်ကြိုးတွေသုံးလည်း အဆင်မပြေတာကနေ သွားဖုံး ရောင်တဲ့အဆင့်ထိ ဖြစ်လာတတ်ပါတယ်။ သွားဖုံးရောင်တာအပြင် ရေစီးကမ်းပြိုရောဂါပါ ဖြစ်ပွားလာနိုင်ပါတယ်။

Photo - your88smiles

ခံတွင်းကလည်း ကောင်းသားနဲ့ ခံတွင်းနံ့ နံတတ်တာ ဘာကြောင့်လဲ

တစ်ခါတစ်လေမှာ ခံတွင်းကလည်း ကောင်းနေသားနဲ့ အသက်ရှုတိုင်းမှာ ခံတွင်းနံ့ နံနေတတ်ပါတယ်။ အဲဒါက ဘာလို့လဲဆိုတော့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေ၊ အာသီးရောင်တာမျိုးတွေ၊ လေအိတ်မှာ အနာဖြစ်တာမျိုးတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ပြဿနာပေးတာမျိုးတွေ ကြောင့်လည်း ခံတွင်းအနံ့တွေ နံတတ်ပါတယ်။အဲဒါမျိုးဖြစ်တဲ့အခါ မပေါ့ဆသင့်ပါဘူး။ နီးစပ်ရာဆေးခန်းမှာ ပြသသင့်တဲ့အပြင် သမားတော်တွေနဲ့သေချာဆွေးနွေးသင့်ပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးအချက်အလက်များသည် My Dentist Aesthetic မှ Founder ဖြစ်သူ ဒေါက်တာ ကျော်ရှိန်မောင်က အကြံပြုဝေမျှဆွေးနွေးထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က