မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေတဲ့ လိဒ်ကွင်းလယ်လူကယ်ဗင်ဖိလစ်ဟာ အသင်းနဲ့ အသင်းပရိသတ်တွေအပေါ်မှာ သစ္စာစောင့်သိမှုအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ကို ယူနိုက်တက်အပါအဝင် အသင်းကြီးတချို့က စိတ်ဝင်စားနေတာဖြစ်ပြီး ယူနိုက်တက်ကတော့ နည်းပြသစ်တန်ဟက်လက်ထက်မှာ အင်္ဂလန်ကွင်းလယ်လူကို အဓိကအစိတ်အပိုင်းတခုအဖြစ်နဲ့ ထားရှိသွားချင်နေတယ်လို့ သိရပါတယ်။
ကစားသမားကတော့ လိဒ်ယူနိုက်တက်နဲ့ မဟာရန်သူတွေသဖွယ်ဖြစ်နေခဲ့တဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ခံယူထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ လိဒ်ကနေ ယူနိုက်တက်ကို နောက်ဆုံးပြောင်းရွှေ့ခဲ့တဲ့ကစားသမားကတော့ အလန်စမစ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကဖြစ်ကာ ရီယိုဖာဒီနန်ပြောင်းရွှေ့အပြီး ၂ နှစ်အကြာမှာလည်းဖြစ်ပါတယ်။
ကယ်ဗင်ဖိလစ်ကတော့ လိဒ်ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေချင်ပြီး စာချုပ်သစ်ချုပ်ဆိုချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ သူဟာ လိဒ်ကို အသက် ၁၄ နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း သူက အင်္ဂလန်အသင်းမှာ ရွေးချယ်ခံထားရပြီး ခြေစွမ်းလည်းပြနေလို့ တပတ်လုပ်ခ ပေါင်တသိန်းအထိ တောင်းဆိုနိုင်တယ်လို့လည်း ဆိုပါတယ်။
လိဒ်ကလည်း သူတို့ကစားသမားကို ဆက်ထိန်းထားချင်ပေမယ့်လည်း လစာတိုးမြှင့်တောင်းဆိုမယ်ဆိုရင်တော့ မလွယ်ကူတဲ့အနေအထားမှာရှီနေပါတယ်။ ဒီအတွက်ကြောင့် စာချုပ်သစ်အဆင်မပြေပါက ပေါင်သန်း ၆၀ နဲ့ ဝယ်ယူမယ့်အသင်းရှိရင် ရောင်းချသွားဖို့ကိုလည်း ဆုံးဖြတ်နိုင်တယ်လို့ သိရပြီး အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့ကလည်း ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။