အေဂျက်စ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ဂန္တဝင်ဂိုးသမားဟောင်းကြီး ဗန်ဒါးဆားက အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက်ပရိသတ်တွေ သဘောကျလောက်စရာ စကားတခွန်းနဲ့အတူ နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ မနေ့ညက အေဂျက်စ်နဲ့အတူ နယ်သာလန် အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။
ဒါဟာ အဲရစ်တန်ဟက်ခ်အတွက် အေဂျက်စ်နည်းပြဘဝမှာ (၃) ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုဖြစ်ခဲ့ပါတယ်။ ဒီနယ်သာလန်နည်းပြကြီးက သူ့စကားအတိုင်းပဲ အေဂျက်စ်အတွက် အပြည့်အဝ အာရုံစိုက်ပြီးနောက် လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို ရောက်ရှိလာတော့မှာပါ။
အေဂျက်စ်ဟာ မနေ့ညက ဟီရန်ဗင်းကို အိမ်ကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလိုပဲ နယ်သာလန်အမှတ်ပေးချန်ပီယ့အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီး ဆုဖလားနဲ့ အောင်ပွဲခံနေကြတဲ့ အချိန်အတွင်း ဗန်ဒါးဆားက အဲရစ်တန်ဟက်ခ်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဗန်ဒါးဆားက “အဲရစ်ရေ.. တခါတလေကျ ကျနော်စဥ်းစားတယ်ဗျ။ ခင်ဗျားက တကယ်ကို ကိုးလို့ကန့်လန့်နိုင်တဲ့လူဆိုပြီးတော့ပေါ့။ ဒါပေမယ့် ခင်ဗျားက အမြဲတမ်း မျှော်လင့်ထားတာထက် ပိုလုပ်ပြနိုင်ခဲ့ပါတယ်။ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ ကစားပုံကို ပြသခဲ့တယ်”
“ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်လည်း ရောက်ခဲ့တယ်၊ အမှတ်ပေးချန်ပီယံဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ခင်ဗျားက ကျနော်နဲ့ နှလုံးသားချင်း နီးစပ်တဲ့အသင်းကို ပြောင်းတော့မှာပါ။ ခင်ဗျား အဲ့ဒီမှာ အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ ကျနော် ဆုမွန်ကောင်းတောင်းပါတယ်။ ကျေးဇူးတင်ပါတယ် အဲရစ်တန်ဟက်ခ်ရေ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဗန်ဒါးဆားဟာ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ယူနိုက်တက်ဆီ ရောင်းချခဲ့တုန်းကလည်း အလားတူပဲ သီးသန့်နှုတ်ဆက်စကားပြောကြားပြီး ယူနိုက်တက်ပရိသတ်တွေလက်ထဲ ဗန်ဒီဘိခ်ကို အပ်နှံခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒီဘိခ်ကတော့ အဲဗာတန်မှာ အငှားနဲ့သွားကစားနေရပြီး အဲရစ်တန်ဟက်ခ်လက်ထက်မှာတော့ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာမှာပါ။