ညက ကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ သူတို့ကစားသမားတွေရဲ့ အမှားအယွင်းတွေကျူးလွန်မှုကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ ပထမအကျော့တုန်းက ၂-၀ နဲ့ ဦးဆောင်နေတာကို မထိန်းနိုင်ခဲ့ဘဲ ကိုယ့်ဂိုးကိုယ်နှစ်ဂိုးသွင်းခဲ့တဲ့ ယူနိုက်တက်ဟာ ဆီဗီလာကွင်းမှာတော့ ကိုယ့်ဂိုးကိုယ်မသွင်းခဲ့ပေမယ့် ပြိုင်ဘက်အသင်း ဂိုးတွေလွယ်လွယ်နဲ့ရသွားစေမယ့် အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။
အဖွင့်ဂိုးမှာဆိုရင် မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ အပေးအယူလုပ်ရာကနေ စတင်ခဲ့တာပါ။ မက်ဂွိုင်းယားက ဒီဂီယာကို ဘောလုံးပြန်ပေးခဲ့ပြီးနောက်မှာ ဆီဗီလာကစားသမားနှစ်ဦးက ဧရိယာစည်းထိပ်မှာရှိနေခဲ့ပါတယ်။ မက်ဂွိုင်းယားက နေရာလွတ်ပြန်ယူပြီး သူ့ကို ဘောလုံးပေးဖို့ တောင်းခဲ့သလို ဒီဂီယာကလည်း ဘောလုံးပေးခဲ့ပါတယ်။ ဒီနောက် မက်ဂွိုင်းယားက ညာခြမ်းက အသင်းဖော်ဆီ ဘောလုံးလှမ်းပေးရာမှာ ဆီဗီလာကစားသမားနဲ့ ငြိကာ အန်နက်စ်ရီက ဂိုးသွင်းသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ အားလုံးက အစောပိုင်းအနေအထားမှာ မက်ဂွိုင်းယားကို အပြစ်တင်ခဲ့ကြပြီး ဒီဂီယာရဲ့ မပါးနပ်မှုကိုလည်း အပြစ်တင်သူ အနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပရိသတ်အများအပြားက ဒီဂီယာကိုသာ အပြစ်တင်ခဲ့ကြပြီး အဲဒီလိုအခြေအနေမှာ မက်ဂွိုင်းယားက ဘာမှတတ်နိုင်မှာမဟုတ်တာကို သိထားရမှာဖြစ်ပြီး ဘောလုံးကို အဝေးဆီသာ ကန်ပို့သင့်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။
ဘောလုံးပွဲဝေဖန်သုံးသပ်သူ ရော်ဘီဆားဗေ့ချ်ကလည်း "ယူနိုက်တက်က ခံစစ်မှာ ကစားနိုင်ဖို့ကို ကြိုးစားခဲ့တယ်၊ မက်ဂွိုင်းယားလည်း ပိုကောင်းအောင် လုပ်နိုင်ခဲ့ရမှာပါ၊ ဒါပေမယ့် ဒီဂီယာက ဘာလို့များ ဘစ်စ်ကာဆီကို ဘောလုံးမပေးခဲ့တာလဲ၊ ဗဟိုခံစစ်နေရာမှာ ကစားသမား ၃ ဦးရှိနေပြီး အကုန်လုံးက သူနဲ့ နီးနီးကပ်ကပ်လေးပါ၊ မက်ဂွိုင်းယားက အမှားလုပ်ခဲ့တာ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီဂီယာက ဘောလုံးကို ဘစ်စ်ကာဆီကိုပဲ ပေးခဲ့ရမှာပါ၊ တော်တော်လေးဆိုးရွားလွန်းပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒီဂီယာဟာ တတိယဂိုးမှာလည်း ကြီးမားတဲ့ အမှားအယွင်းကို ကျူးလွန်ခဲ့ပါသေးတယ်။ ဆီဗီလာဘက်က ကန်တင်လိုက်တဲ့ ဘောလုံးကို ရှေ့တက်ဖျက်ထုတ်ရာမှာ ဘောလုံးကို သေချာမထိဘဲ သူ့ခြေထောက်နဲ့ ထိန်းသလိုဖြစ်ကာ လွတ်ထွက်သွားခဲ့ပြီး ဆီဗီလာကစားသမားက လွယ်လွယ်ကူကူလေးပဲ ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။