ရော်နယ်ဒိုကတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။

ယူနိုက်တက်က ဒီပွဲမှာ ဖျားနေတယ်လို့ သတင်းထွက်နေတဲ့ ဂိုးသမား ဒီဂီယာပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာလည်း ရော်နယ်ဒို ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်၊ လုခ်ရှော၊ ဝမ်ဘစ်ဆာကာတို့ မပါဝင်ခဲ့ဘဲ ဒါလော့၊ ဗာရန်း၊ မက်ဂွိုင်းရား၊ အဲလက်စ်တဲလက်စ်၊ မာတစ်၊ ဖရက်ဒ်၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ ပွဲထွက်ခဲ့ပါတယ်။



ကွန်တီကလည်း လိုရစ်၊ ရိုမားရိုး၊ ဒိုင်ယာ၊ ဘင်ဒေးဗီးစ်၊ ဒိုဟာတီ၊ ဘန်တန်ကူ၊ ဟို့ချ်ဘာ့ချ်၊ ရီဂွယ်လွန်တို့နဲ့အတူ တိုက်စစ်မှာ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ ပွဲထွက်ခဲ့ပါတယ်။ ပွဲစတည်းက နှစ်သင်းလုံး အပြိုင်အဆိုင် တိုက်စစ်ဖွင့်ဆော့တာကြောင့် ကြည့်ကောင်းခဲ့ပါတယ်။ (၁၁) မိနစ်မှာတင် ဖရက်ဒ်ရဲ့ လှလှပပခင်းပေးမှုကတဆင့် ရော်နယ်ဒိုက ဧရိယာအပြင်ကနေ ပြင်းထန်အားပါတဲ့ အဝေးကန်ချက်နဲ့ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ စပါးကလည်း ချေပဂိုးရဖို့ ကြိုးစားလာပြီး ဘင်ဒေးဗီးစ်တဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ စပါးတို့ ဖိကစားရင်းနဲ့ပဲ ပွဲကစားချိန် (၃၅) မိနစ်မှာတော့ အဲလက်စ်တဲလက်စ်ရဲ့ လက်ထိဘောကတဆင့် ရလာတဲ့ ပင်နယ်တီကို ဟာရီကိန်းက သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်တို့ ဦးဆောင်ဂိုးမရခင်မှာ အလားတူအနေအထားမျိုးနဲ့ ဒိုင်ယာလက်နဲ့ သိသိသာသာ ထိခဲ့ပေမယ့် ဒိုင်လူကြီးကတော့ VAR တောင် ပြန်မကြည့်ခဲ့ပါဘူး။

ဒါပေမယ့် ချေပဂိုးပေးရပြီး (၃) မိနစ်အကြာမှာပဲ ဆန်ချိုက စပါးရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ခင်းပေးလိုက်တာကို ရော်နယ်ဒိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ပထမပိုင်းမှာ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးတို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲကစားချိန် (၇၂) မိနစ်မှာတော့ ရီဂွယ်လွန်ရဲ့ ဖြတ်တင်ဘောကို မက်ဂွိုင်းရား တားဆီးရာကတဆင့် ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ယူနိုက်တက်တို့ ချေပဂိုးပေးလိုက်ရပါတယ်။ ရော်နယ်ဒိုရဲ့ အပိုင်ကန်ချက်တွေကို လိုရစ် ကာကွယ်နိုင်ခဲ့တာကလည်း ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲကစားချိန် (၈၂) မိနစ်မှာတော့ ရော်နယ်ဒိုက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းသွားခဲ့ပြီး ယူနိုက်တက်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီနိုင်ပွဲကြောင့် လာမယ့်ကြားရက်မှာ ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲအတွက် ယုံကြည်မှု ပိုရှိသွားခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ခွင့်ရှိနေဆဲဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က