ရမ်စ်ဒေးလ်တယောက် အီတလီနဲ့ပွဲမှာ လက်စွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်နဲ့အီတလီတို့ရဲ့ နေးရှင်းလိဂ်ပွဲစဥ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲကို ဝုလ်ဗ်ရဲ့အိမ်ကွင်းမှာ ကစားခဲ့တာဖြစ်ပြီး အင်္ဂလန်ရဲ့ဂိုးသမားနေရာမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က ပွဲထွက်ပါဝင်ခဲ့ပါတယ်။



အင်္ဂလန်နဲ့အီတလီတို့ဟာ ယူရိုဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကလည်း အခုလိုပဲ သာမန်ပွဲကစားချိန်အတွင်း သရေကျခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အီတလီက အနိုင်ရရှိခဲ့တာကြောင့် အင်္ဂလန်တို့ အခုပွဲမှာ ရှုံးကြွေးဆပ်နိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ပထမပိုင်းမှာ ရမ်စ်ဒေးလ်ရဲ့ ကာကွယ်မှုက ဒီပွဲအတွက် ပြောစရာဖြစ်ခဲ့ရပါတယ်။

ရမ်စ်ဒေးလ်ဟာ အင်္ဂလန်လက်ရွေးစင်ရဲ့ ဦးစားပေးဂိုးသမားတယောက် မဟုတ်ပေမယ့် ဒီပွဲမှာတော့ အခွင့်အရေးရရှိခဲ့ပြီး ကမ္ဘာ့ဖလားကို လိုက်ပါဖို့ ထိုက်တန်တဲ့အရည်အချင်းရှိနေတယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပထမပိုင်းမှာ အီတလီဘက်က ဘောလုံးပေးပို့မှုက မက်ဂွိုင်းရားနဲ့ အခြားအီတလီကစားသမားတယောက်ကို ကျော်ပြီး တိုနာလီဆီ တိုက်ရိုက်ရောက်သွားခဲ့ပါတယ်။



ဒီဘောလုံးကို တိုနာလီက တချက်တောင်မထိန်းဘဲ အပိုင်အဆုံးသတ်ခဲ့ပေမယ့် ရမ်စ်ဒေးလ်က သူ့ရဲ့ခြေထောက်နဲ့ အကောင်းဆုံး ကာကွယ်ပြခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကာကွယ်မှုလဲ” “ရမ်စ်ဒေးလ်က သူ့ရဲ့ ဒုတိယမြောက် အင်္ဂလန်လက်ရွေးစင်ပွဲထွက်ခွင့်ကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အနာဂတ်အတွက် နံပါတ် (၁) ဂိုးသမားပဲ”

“တိုနာလီရဲ့ ကန်ချက်ကို ရမ်စ်ဒေးလ် အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာပဲ။ ကာတာကမ္ဘာ့ဖလားအတွက် အင်္ဂလန်ရဲ့နံပါတ် (၁) ဂိုးသမားဖြစ်သင့်ပါတယ်” လို့ အသီးသီးချီးကျူးနေကြပါတယ်။ ရမ်စ်ဒေးလ် အခု ကာကွယ်သွားတဲ့ပုံစံက ယူနိုက်တက်မှာ ဒီဂီယာ မကြာခဏ ကာကွယ်နေရတဲ့ပုံစံမျိုးဖြစ်ပြီး အချို့ကတော့ မက်ဂွိုင်းရားနဲ့တွဲကစားရတဲ့အကျိုးဆက်ကို ရမ်စ်ဒေးလ် ခံစားနေရပြီလို့လည်း နောက်ပြောင်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က