မန်စီးတီးတိုက်စစ်မှူး ဟာလန်းက သူ့အသင်းအနေနဲ့ မန်ချက်စတာဒါဘီပွဲမှာ အခုထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့သင့်ကြောင်း၊ ဒုတိယပိုင်းကစားပုံက ပျော့ပျောင်းလွန်းကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ဟာလန်းနဲ့ ဖိုဒန်တို့နှစ်ယောက်ရဲ့ ဟက်ထရစ်နဲ့အတူ ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ ဂိုးမိုးရွာနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ပထမပိုင်းမှာတည်းက လေးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ၆-၁ ဂိုးအထိ ဦးဆောင်နိုင်ခဲ့ပေမယ့် မာရှယ်လ်ရဲ့ နောက်ကျချေပဂိုးနှစ်ဂိုးကြောင့် ၆-၃ ဂိုးနဲ့သာ အနိုင်ရရှိခဲ့တာပါ။ ဟာလန်းအတွက်ကတော့ ဒီပွဲမှာရရှိခဲ့တဲ့ ဟက်ထရစ်ကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ အိမ်ကွင်းသုံးပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဟာလန်းကတော့ ဒီအပေါ်မှာ ကျေနပ်အားရခြင်းမရှိပါဘူး။ ပွဲအပြီးမှာ ဟာလန်းက “ဒီထက် ဂိုးပိုရသင့်တာပါ။ ဒုတိယပိုင်းမှာ ကျနော်တို့ ပိုမိုကြိုးစားပြီး ကစားခဲ့သင့်ပါတယ်။ ဒါပေမယ့် ကစားပုံက တအား ပျော့ပျောင်းလွန်းသွားပါတယ်။ ကျနော်တို့ ဒုတိယပိုင်းမှာ ရှုံးပါရှုံးခဲ့ပြီး ဒါက မကောင်းပါဘူး။ ဒီတော့ ကျနော်တို့ အလုပ်ထပ်လုပ်ရဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေကမှ ဒေါ့မွန်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပြီး ဒီအထဲက (၁၄) ဂိုးက ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ဒီသွင်းဂိုးအရေအတွက်ကြောင့်လည်း ပရီးမီးယားလိဂ်အသင်း (၁၄) သင်းထက် ဒီရာသီမှာ ဂိုးပိုမိုသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်လျက်ရှိပါတယ်။
အသက် (၂၂) နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ အခုမှ မန်ချက်စတာဒါဘီပွဲကို ပထဆုံးစတင်ကစားခဲ့ဖူးတာဖြစ်ပေမယ့် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပြင် အသင်းဖော် ဖိုဒန်ရဲ့ သွင်းဂိုးနှစ်ဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဟာလန်းအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းကိုသာ ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်သွင်းဂိုး (၅၀) အထိ ရရှိသွားနိုင်ပြီး စံချိန်သစ်တရပ်ကိုပါ တင်နိုင်ဖွယ်ရှိနေပါတယ်။