မန်ချက်စတာယူနိုက်တက်ကထွက်ခွာဖို့ ကြိုးစားနေပေမယ့် ခေါ်ယူမယ့်အသင်းမရှိလို့ အခက်တွေ့နေတဲ့ရော်နယ်ဒိုကို သူတို့ အမှန်တကယ်ခေါ်ယူချင်ပါတယ်လို့ ပြောဆိုပြီး စိတ်ဝင်စားနေကြောင်း အတည်ပြုတဲ့အသင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသင်းကတော့ ဘရာဇီးလ်ကလပ်ကိုရင်သီယန်ဖြစ်ပြီး အသင်းဥက္ကဌဒူလီယိုမွန်တီရိုအဲလ်ဗက်စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်တဲ့ ဆန္ဒကြောင့် ယူနိုက်တက်ကနေ ဒုတိယအကြိမ်ထွက်ခွာဖို့ အားထုတ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က သူတို့ကစားသမားကို ရောင်းချမှမဟုတ်ဘူးလို့ ဆုံးဖြတ်ထားသလို ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားတဲ့အသင်းကလည်း မရှိသလောက်နည်းပါးနေခဲ့တာဖြစ်ပါတယ်။
Mundo Deprotivo သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲလ်ဗက်စ်က အခုလိုပြောဆိုခဲ့တယ်လို့ သိရပါတယ်။ "အဲဒါအမှန်ပါ၊ ကျနော့်ရဲ့ကြီးမားတဲ့အိပ်မက်၊ ကိုရင်သီယန်သားတွေရဲ့ အိပ်မက်လည်းဖြစ်ပါတယ်၊ ဘောလုံးမှာ အရာအားလုံးကဖြစ်နိုင်ပါတယ်၊ ကိုရင်သီယန်အတွက်လည်း ကျနော်အကောင်းဆုံးဖြစ်အောင်ကို လုပ်ပေးချင်နေခဲ့တာပါ"
"ဒါက မဖြစ်နိုင်ဘူးလား? ကျနော်မသိဘူး၊ ကျနော်တို့မကြိုးစားရသေးဘူး၊ မစုံစမ်းရသေးပါဘူး၊ ဖြစ်နိုင်စရာလည်း အများကြိးတော့မရှိပေမယ့် ကျနော်တို့ သူ့ကိုစောင့်ကြည့်နေပါတယ်၊ သူများ ရုတ်တရက် ဘရာဇီးလ်မှာကစားဖို့ စိတ်ကူးမလားလို့ပေါ့လေ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အသင်းတသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။