ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က သူ့အနေနဲ့ ရစရာရှိတဲ့ လစာကြွေးကျန်တွေကို ရရှိပြီးမှသာ အသင်းက ထွက်ဖို့၊ မထွက်ဖို့နဲ့ အနာဂတ်အပေါ် ဆုံးဖြတ်သွားမယ်လို့ ဘာစီလိုနာကို အသိပေးထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိအနေအထားအရ ဘာစီလိုနာက ဒီဂျောင်ကို သေချာပေါက် ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။
ဒါပေမယ့် ကစားသမားဘက်က လစာအကြွေး ပေါင် (၁၇) သန်းဝန်းကျင် မရမချင်း အသင်းက ထွက်ဖို့ ကိစ္စ ဒါမှမဟုတ် အပြောင်းအရွှေ့ကိစ္စ ဘာတခုကိုမှ ဆွေးနွေးသွားမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာမှာ ဆက်နေရရင်လည်း ပြဿနာမရှိဘဲ အသင်းကထွက်ခွာဖို့ အလောတကြီးဖြစ်နေတာမျိုး မရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဒီဂျောင်ရဲ့ အေးဂျင့် အလီဒါဆန်ကလည်း သူ့ကစားသမားကို ခေါ်ယူဖို့ အသင်းသစ်တသင်းက အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကို အသိပေးထားပါတယ်။ ဒါပေမယ့်လည်း အသင်းအနေနဲ့ ကစားသမားရဲ့ လုပ်ခလစာကြွေးကျန်တွေကို သေချာပေါက် ပေးချေဖို့ လိုအပ်ကြောင်း အလီဒါဆန်က ပြောထားပါတယ်။
လက်ရှိအနေအထားအရ ဒီဂျောင်ကို ခေါ်ယူဖို့ ယူနိုက်တက်က ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိထားပါတယ်။ ချဲလ်ဆီးကလည်း ဒီကစားသမားကိုခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ယူနိုက်တက်ထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုးကို ပြုလုပ်နိုင်စွမ်းမရှိပါဘူး။
ဘာစီလိုနာကတော့ ကစားသမားကို အသင်းမှာဆက်နေမယ်ဆိုရင် လစာ (၅၀) ရာခိုင်နှုန်းအထိ လျှော့ယူပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ကစားသမားဘက်က လက်ခံ၊ မခံ မသိရသေးဘဲ နောက်ပိုင်းပွဲတွေမှာ ဒီဂျောင်ကို နည်းပြ ဇာဗီက ဗဟိုခံစစ်အထိ ဆင်းကစားခိုင်းနေတာကိုလည်း မြင်တွေ့နေရပါတယ်။