ဒမ်ဘီလီကတော့ အသင်းသစ်ဆီက အတောင်းကြမ်းနေတာပါ။

ဘာစီလိုနာမှာ ဒဏ်ရာ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ မကြာခဏဆိုသလို ရုန်းကန်နေရတဲ့ အူစမန်နီဒမ်ဘီလီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမား တောင်းဆိုနေတဲ့ လစာငွေပမာဏက နယူးကာဆယ်အတွက် လက်တွန့်စရာ ပမာဏဖြစ်နေပါတယ်။



ဒမ်ဘီလီနဲ့ ဘာစီလိုနာတို့အကြား စာချုပ်သက်တမ်းက နောက်ဆုံး (၆) လအတွင်းကို ရောက်ရှိလာခဲ့ပြီး ဒမ်ဘီလီအနေနဲ့ မနက်ဖြန် ဇန်နဝါရီ (၁) ကစလို့ အခြားအသင်းတသင်းနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ပါပြီ။ လက်ရှိဘာစီလိုနာနည်းပြ ဇာဗီ အသင်းကို ရောက်ရောက်ချင်း ဒမ်ဘီလီကို အခွင့်အရေးပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒီကစားသမားရဲ့ ပုံစံက ပြောင်းလဲမှုမရှိတာကြောင့် ဇာဗီကိုယ်တိုင်ကပါ လက်လွှတ်တော့မှာပါ။

ဒမ်ဘီလီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လိဂ်ပွဲ (၅) ပွဲကစားပြီးချိန်မှာ တဂိုးမှ မသွင်းနိုင်သေးဘဲ ဂိုးဖန်တီးမှု (၂) ကြိမ်နဲ့ ဂိုးပေါက်တည့် ကန်ချက် (၁) ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတာရယ်၊ လစာငွေ အဆမတန်တောင်းတာရယ်ကြောင့် ဘာစီလိုနာက စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

တဖက်မှာလည်း ကစားသမားရဲ့ ဒဏ်ရာမှတ်တမ်းတွေကြောင့် အသင်းတွေက ခေါ်ယူဖို့ လက်တွန့်နေပြီး နယူးကာဆယ်က ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကစားသမား တောင်းဆိုနေတဲ့ လစာငွေက များပြားလွန်းနေပါတယ်။ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီရဲ့ အေးဂျင့်ဟာ တပတ်လုပ်ခ ပေါင် (၄၈၅,၀၀၀) အထိ ဘာစီလိုနာဆီက တောင်းဆိုခဲ့တာကြောင့် စာချုပ်သစ်ကိစ္စ ပျက်ပြယ်ခဲ့ရပြီး အခုလည်း နယူးကာဆယ်ဆီက ဒီပမာဏအတိုင်း ထပ်တောင်းနေတာပါ။

ဒါဟာ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခလစာငွေဖြစ်လာဖို့ရှိပြီး နယူးကာဆယ်ကတော့ ဒါကို ပေးချေဖို့ အဆင်ပြေနိုင်ဖွယ်မရှိပါဘူး။ ဒါ့အပြင် အေးဂျင့်ခ ပေါင် (၁၂.၅) သန်း တောင်းဆိုနေသလို စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် အပိုဆုကြေး ပေါင် (၂၅) သန်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး အတောင်းကြမ်းတာကြောင့် ဘာစီလိုနာက စာချုပ်သစ်မချုပ်ခဲ့သည့်တိုင် ဒမ်ဘီလီနဲ့ အေးဂျင့်ကတော့ အလျှော့မပေးသေးဘဲ နယူးကာဆယ်ကို ထပ်မံတောင်းဆိုနေတာဖြစ်ပြီး ဒီကစားသမားရဲ့ အပြောင်းအရွှေ့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

က္က