လက်ရှိအချိန်မှာ ခေတ်ကာလအခြေအနေအရ ကိုယ်လက်ရှိလုပ်နေတဲ့ အဓိကအလုပ်က အနာဂတ်မရေရာတာ ကြောင့်ရယ်၊ ဝင်ငွေ၊ထွက်ငွေမမျှတတာကြောင့်ရယ် လူတိုင်းနီးပါး ဘေးတွဲအလုပ်လေးတစ်ခုလုပ်ပြီး အပိုဝင်ငွေရှာ ဖို့ကြိုးစားလာကြတာတွေ့ရပါတယ်။ ဒါကြောင့် အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဘေးတွဲအလုပ် လေးလုပ်မယ်ဆိုရင် မစတင်ခင်မှာ ကြိုတင်စဉ်းစားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။


ဘေးတွဲအလုပ်လုပ်မှာလား၊ အပိုဝင်ငွေရှာရုံပဲလား

Photo: Fit Small Business

အပိုဝင်ငွေလိုချင်လို့ ဘေးတွဲအလုပ်လုပ်မှာလို့ စဉ်းစားတတ်ကြပေမဲ့ ဒီနှစ်ခုက ရည်ရွယ်ချက်ချင်းမတူပါဘူး။ အပိုဝင်ငွေရှာရုံပဲဆိုရင် အနားမှာပေါ်လာတဲ့အခွင့်အရေးလေးတွေကို အမိအရအသုံးချပြီး လက်တလော ငွေပို၊ ငွေလျှံရဖို့ပဲ ကြိုးစားရမှာပါ။ ရည်မှန်းချက်အနေနဲ့လည်း ရေတိုရည်မှန်းချက်လေးတွေပဲချပြီး လုပ်သွားရမှာ ဖြစ်ပါတယ်။

ဘေးတွဲအလုပ်လေးတည်ထောင်ချင်တာဆိုရင်တော့ long term plan ပါချပြီး ကိုယ့်လုပ်ငန်းအောင်မြင်ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တစ်ချိန်မှာကိုယ့်ရဲ့ဘေးတွဲလုပ်ငန်းက ကြီးမားလာပြီး ကိုယ့်ရဲ့ဝင်ငွေအတွက် အဓိက လုပ်ငန်းဖြစ်လာဖို့ပါကြိုးစားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အလုပ်မစခင်မှာကတည်းက ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ အခွင့်အလမ်းတွေပေါ်မူတည်ပြီး အပိုဝင်ငွေရှာရုံပဲလား၊ လုပ်ငန်းတစ်ခုအနေနဲ့တည်ထောင်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်းဆုံးဖြတ်ထားရမှာပါ။


ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အခွင့်အလမ်းတွေကို သုံးသပ်ပါ

Photo: Flex Job

အပိုဝင်ငွေရှာဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်မှာရှိပြီးသားကျွမ်းကျင်မှုတွေနဲ့ အခွင့်အလမ်းတွေအပေါ်မူတည်ပြီးမှ စလုပ်မယ်ဆိုရင် အောင်မြင်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်အပိုင်းတွေမှာပိုကျွမ်းကျင်သလဲ၊ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်၊ ဒါမှမဟုတ် ရှိပြီးသားအဆက်အသွယ် တွေကို အခြေခံပြီးဘာတွေလုပ်လို့ရမလဲ ဆိုတာတွေကို အရင်သုံးသပ်အဖြေရှာသင့်ပါတယ်။


တိကျတဲ့ အချိန်ဇယားသတ်မှတ်ပါ     
             

Photo: Wiki How

တကယ်လို့ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ ဘေးတွဲအလုပ်လေးတစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဘယ်အချိန်မှာ အလုပ်စတင်မယ်၊ ဘယ်အချိန်မှာ ဘယ်အနေအထားရောက်ဖို့ ကြိုးစားမယ် စသည်ဖြင့် ကိုယ့်လုပ်ငန်းအတွက် တိကျတဲ့ plan ချပြီးလုပ်ဆောင်ဖို့တိုက်တွန်းချင်ပါတယ်။အဆင်ပြေတဲ့အချိန်၊ အဆင်ပြေသလို လုပ်မယ်ဆိုပြီး စဉ်းစားထားရင် အချိန်ကုန်၊ငွေကုန် ဖြစ်ရတာပဲ အဖက်တင်ပြီး ဘယ်မှခရီးမရောက်တာမျိုးဖြစ်သွားနိုင်လို့ပါ။


လုပ်ငန်းမစခင် အိုင်ဒီယာကို စမ်းသပ်ပါ


ကိုယ်က ဝန်ဆောင်မှုတစ်ခုခုပေးဖို့ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုခုရောင်းချဖို့ပဲဖြစ်ဖြစ် စဉ်းစားထားတယ်ဆိုရင် တကယ် လူအများကို မရောင်းခင်မှာ ကိုယ့်ရဲ့ ဝန်ဆောင်မှု၊ ဒါမှမဟုတ် ကုန်ပစ္စည်းကို နီးစပ်ရာအသိုင်းအဝိုင်း အတွင်း စမ်းသပ်ရောင်းချတာ၊ အခမဲ့သုံးစွဲကြည့်ခိုင်းတာတွေလုပ်ပြီး feed back တွေကိုပြန်နားတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်အိုင်ဒီယာရဲ့ အားနည်းချက်၊ အားသာချက်တွေကိုမြင်လာပြီး ပိုကောင်းအောင်ဖန်တီးနိုင်စေမှာပါ။


အလုပ်ချိန်သတ်မှတ်ပါ

Photo: Flex Job

ဘေးတွဲအလုပ်လုပ်တယ်ဆိုတာ ကိုယ့်ရဲ့အဓိကအလုပ်တွေပြီးမှ လုပ်လို့ရတာမျိုးဖြစ်တာကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်တွေထဲဖဲ့ပေးပြီး လုပ်ရမှာဖြစ်တာကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်ဇယားကို သေချာစီမံခန့်ခွဲနိုင်မှ တော်ရုံကျမှာဖြစ်ပါတယ်။ ကိုယ်က ကုမ္ပဏီဝန်ထမ်းဆိုရင် တစ်နေ့ ၈ နာရီလောက်အလုပ်လုပ်ပြီး ကျန်တဲ့ ကိုယ်ပိုင်အချိန်လေးထဲကနေ ဖဲ့ပြီးလုပ်ရမှာပါ။ အလုပ်ချိန်ကို သေချာမသတ်မှတ်ထားရင် အလုပ်လည်းမပြီး သလို စိတ်ဖိစီးမှုတွေလည်း ပိုများလာနိုင်ပါတယ်။

Ref: Motivation Grid

Share

Loading Next Article...
က္က