ဒါဘီအသင်းနဲ့ ပူပူနွေးနွေးလမ်းခွဲထားတဲ့ နည်းပြ ဝိန်းရွန်းနီဟာ သူ့ရဲ့ကိုယ်ပိုင်ငွေကြေးထဲကနေ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာကို စိုက်ထုတ်ပေးခဲ့လို့ အရေးယူပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရွန်းနီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ဒါဘီနည်းပြ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။
ဒါဘီဟာ ဘဏ္ဍာရေးနဲ့ပိုင်ဆိုင်မှုအခက်အခဲတွေကြားထဲမှာ ရုန်းကန်နေရပြီး အသင်းနည်းပြ၊ ဝန်ထမ်းနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာတွေကို ပေးချေဖို့ အခက်အခဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာတည်းက အသင်းရဲ့ခြေစွမ်းရှိကြယ်ပွင့်တွေကို ပြိုင်ဘက်တွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေထံ လွယ်လွယ်ကူကူ လက်လွှတ်ခဲ့ရပါတယ်။
ဒါ့အပြင် ရွန်းနီကိုလည်း ပရီးမီးယားလိဂ်ကလပ် အဲဗာတန်က နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရွန်းနီကိုယ်တိုင်က ပယ်ချခဲ့ပြီး ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒါဘီနဲ့သာ နောက်ဆုံးအချိန်ထိ ရုန်းကန်ခဲ့ရပါတယ်။ ဒါဘီကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ လိဂ်ချန်ပီယံရှစ်ကနေ အင်္ဂလန်လိဂ်ဝမ်းကို တန်းဆင်းခဲ့ရပါတယ်။
ဒါ့အပြင် ဒါဘီဟာ မေလအတွက် ဝန်ထမ်းတွေနဲ့ကစားသမားတွေရဲ့ လုပ်ခလစာကို ပေးချေနိုင်ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း ရွန်းနီက သူ့ရဲ့ကိုယ်ပိုင်ငွေကြေးထဲကနေ ယူရို (၁.၈) သန်းဝန်းကျင် စိုက်ထုတ်ပေးပြီး ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။ ရွန်းနီအနေနဲ့ ဒါကို လျှို့ဝှက်လုပ်ဆောင်ခဲ့ရပြီး အခုချိန်မှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က သိရှိသွားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အက်ဖ်အေဘက်က ရွန်းနီကို စီးပွားရေးအရ ဥပဒေကို ချိုးဖောက်ခဲ့တာပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြစ်ဒဏ်သာထင်ရှားခဲ့ရင်တော့ ရွန်းနီအနေနဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရွန်းနီရဲ့စေတနာတွေက သူ့ဆီကို ဝေဒနာအဖြစ်နဲ့ ပြန်လာခဲ့ပြီး သူ့ရဲ့ကိုယ်စားလှယ်ဘက်ကတော့ ရွန်းနီအနေနဲ့ အမှားအယွင်းတစုံတခု ကျူးလွန်ထားတာမျိုးမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။