အီလန်ဂါနဲ့ပထမဆုံး တွေ့ဖြစ်ခဲ့ပုံကို မိုဗစ်ကဖွင့်ဟလာတာပါ။

ယူနိုက်တက် လူငယ်ကစားသမားလေး အီလန်ဂါဟာ ဘောလုံးလောကရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာ “ခင်ဗျား ကျနော့်အဖေကိုသိတယ်” လို့ ပြောကြားခဲ့တဲ့အကြောင်း အီဘရာမိုဗစ်ကိုယ်တိုင်က ဖွင့်ဟလာပါတယ်။



အီလန်ဂါဟာ ရန်းနစ်ဂ်လက်ထက် ယူနိုက်တက်မှာ နေရာရလာတဲ့ ဆွီဒင်ကြယ်ပွင့် ကစားသမားလေးဖြစ်ပြီး ဆွီဒင်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပြီဖြစ်ပါတယ်။ အသက် (၄၀) အရွယ် အီဘရာဟီမိုဗစ်ကလည်း ချက်နဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အတွက် ဆွီဒင်လက်ရွေးစင် လူစာရင်းမှာ ပါဝင်နေပါတယ်။

ဆွီဒင်လက်ရွေးစင်အတွက် ဒီနှစ်ယောက်အတူ ပွဲထွက်လာဖွယ်ရှိပြီး အီဘရာဟီမိုဗစ်ကလည်း အီလန်ဂါနဲ့ ပထမဆုံးတွေ့ဆုံခဲ့တုန်းက အဖြစ်အပျက်ကို အခုလို ပြောပြလာပါတယ်။ အီဘရာဟီမိုဗစ်က “ကျနော် အီလန်ဂါနဲ့ ပထမဆုံးအကြိမ်တွေ့တုန်းက ယူနိုက်တက်လေ့ကျင့်ရေးကွင်းမှာရှိတဲ့ စားသောက်ဆိုင်ထဲမှာပါ”

“သူက ကျနော့်ဆီလာပြီးတော့ “ခင်ဗျား ကျနော့်အဖေကိုသိပါတယ်” လို့ ပြောပါတယ်။ ကျနော်ကလည်း ဒါဆို ငါ့ကိုကူညီစမ်းကွာ၊ ငါ ဘယ်သူနဲ့ စကားပြောရမှန်းမသိဘူးလို့ ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့ အီလန်ဂါလည်း ကျနော်က သူ့အဖေနဲ့ တွဲကစားခဲ့ဖူးတဲ့အကြောင်း ပြောပြပါတယ်။ နောက်တော့ အရာအားလုံးက သူ့ဘာသူ အချိတ်အဆက်မိသွားပါတယ်”

“ကျနော်လည်း ပျော်သွားပါတယ်။ ဘာလို့လဲဆိုတော့ မန်ချက်စတာမှာ ဆွီဒင်သားဆိုလို့ ကျနော်တယောက်တည်း မဟုတ်တော့ဘဲ နောက်ထပ် ဆွီဒင်သားတယောက်လည်းရှိနေလို့လေ” လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ (၂၀၀၀) ပြည့်နှစ်တုန်းက မာလ်မိုမှာ အီလန်ဂါရဲ့အဖေ ဂျိုးဆပ်အီလန်ဂါနဲ့ အတူ တွဲကစားခဲ့ဖူးပြီး အဲ့ဒီနောက်မှာတော့ အီဘရာဟီမိုဗစ်က အေဂျက်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က