ဘိုင်ယန်ကိုအနိုင်ယူအပြီး ပြောဆိုလိုက်တာပါ။

နာမည်ကျော်ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့စလုံးအရှုံးမရှိအောင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့နောက် ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီက တခုခုကို အောင်မြင်ချင်ရင် ဒီလိုအသင်းတွေကို အနိုင်ကစားရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗီလာရီးရဲလ်ဟာ ပထမအကျော့က အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာ ၁-၁ ကစားနိုင်ခဲ့ပြီး ဘိုင်ယန်ကို ဖြုတ်ချပစ်ခဲ့တာပါ။

ဒါဟာ ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီလာရီးရဲလ်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပြီး ဘင်ဖီကာ ဒါမှမဟုတ် လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အူနိုင်းအမ်မရီလက်ထက်မှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဗီလာရီးရဲလ်ဟာ ချန်ပီယံလိဂ်ဖလားကိုပါ အိပ်မက်မက်ခွင့်ရှိနေပြီဖြစ်ပြီး ဘိုင်ယန်လိုအသင်းကိုပါ ဖြုတ်ချပစ်ခဲ့လို့ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာကိုပါ ပြသခဲ့ပါတယ်။

မနေ့ကပွဲအပြီးမှာ အူနိုင်းအမ်မရီက "ခင်ဗျားက အောင်မြင်မှုတခုခုကို ရယူချင်တယ်ဆိုရင် ရေပန်းစားတဲ့အသင်းတွေ ဒါမှမဟုတ် စာရွက်ပေါ်မှာ ကိုယ့်ထက်သာလွန်တဲ့အသင်းတွေကို အနိုင်ကစားဖို့လိုပါတယ်၊ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ကျနော်တို့ နောက်တလှမ်းလှမ်းနိုင်ခဲ့ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုက သန်မာခဲ့ပါတယ်၊ ဘိုင်ယန်နဲ့ နှစ်ပွဲစလုံးကလည်း အဲဒီလိုပါပဲ၊ ပွဲတိုင်းမှာ မတူညီတဲ့အခိုက်အတန့်တွေကို ကျနော်တို့လေ့လာခဲ့တယ်"

"မနက်ဖြန်ကစားမယ့် လီဗာပူးလ်နဲ့ ဘင်ဖီကာပွဲကိုလည်း ကျနော်တို့ လေ့လာစောင့်ကြည့်သွားမယ်၊ ကျနော်တို့မှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲတပွဲရှိတယ်၊ အနည်းဆုံးတော့ ရွေးချယ်စရာတွေရှိနိုင်တဲ့ အခြေအနေတွေကို ဖန်တီးရမှာပါ" လို့ အမ်မရီက ပြောဆိုသွားခဲ့ပြီး ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်မယ့်အကြောင်းကို ပြောဆိုခဲ့ပါတယ်။ 

ဘိုင်ယန်ဟာ လီဝန်ဒေါစကီးရဲ့ ဂိုးန​ဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၈ မိနစ်မှာ ချူကွာဇီက ဗီလာရီးရဲလ်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ ဘိုင်ယန်ကို အနိုင်ယူသွားခဲ့ပါတယ်။ 

Share

က္က