စပါးကစားသမားတွေထဲမှာ ပထမဆုံး လူသိရှင်ကြားတောင်းပန်သူဖြစ်လာခဲ့ပါတယ်။

ဆွန်ဟောင်မင်က စပါးအသင်းကနေ ကွန်တီထွက်ခွာရမှုမှာ သူ့မှာ တာဝန်ရှိတယ်လို့ ခံစားရကြောင်း ပြောလာခဲ့ပါတယ်။ ကွန်တီဟာ ဆောက်သမ်တန်အသင်းနဲ့ ၃ ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ စပါးကစားသမားတွေဟာ တစ်ကိုယ်ကောင်းဆန်သလို၊ ဖိအားတွေအောက်မှာ ကစားလိုခြင်းမရှိဘူးလို့ ပြင်းပြင်းထန်ထန်ပြောခဲ့တာပါ။ အဲ့ဒါကြောင့် စပါးအသင်းဟာ ကွန်တီနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီး စတယ်လီနီကို ရာသီအကုန်ထိ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ ဂိုးသာသွင်းယူထားနိုင်တာပါ။ စပါးအသင်းဟာ လက်ရှိရာသီမှာလည်း ဆုဖလားလက်မဲ့အဖြစ် ထပ်မံဖြတ်သန်းရမှာဖြစ်ပြီး ဒီရာသီအဓိကပစ်မှတ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားရဖို့ပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဆွန်ဟောင်မင်ဟာ ကွန်တီလက်အောက်ကစားပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်က "ကစားသမားတစ်ဦးအနေနဲ့ သူ့အတွက် ကျွန်တော်အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်တော်ဟာ သူ့အတွက် ပိုကောင်းတဲ့အရာတွေပြသပြီး အသင်းကို အကူအညီပေးသင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။အဲ့ဒါကြောင့် နောက်ဆုံးမှာ သူ့ပခုံးပေါ် တာဝန်တွေကျရောက်ခဲ့ပြီး ထွက်သွားခဲ့ရပါတယ်။ အဲ့ဒီအတွက် ကျွန်တော့်မှာ အလွန်တာဝန်ရှိတယ်လို့ခံစားရပါတယ်"

"သူ့မှာအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေရှိတာကြောင့် သူသွားတဲ့ နောက်ထပ်နေရာတိုင်းမှာ ရလဒ်ကောင်းတွေရလာပါလိမ့်မယ်။ ကျွန်တော်သူ့ကို သေချာပေါက်ထောက်ခံအားပေးသွားမှာပါ။အခုအချိန်မှာတော့ လက်ကျန်ပွဲအနည်းငယ်အတွက် ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့အတူ ရာသီကို ကောင်းမွန်စွာအဆုံးသတ်ချင်ပါတယ်"လို့ ပြောခဲ့ပါတယ်။ စပါးအသင်းဟာ ဒီတစ်ပတ်မှာတော့ တန်းဆင်းဇုန်ကနေ ဝေးသထက်ဝေးနိုင်အောင် ကြိုးစားမယ့် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က