ရော်နယ်ဒိုနဲ့ပတ်သက်လို့ ပေါ်တူဂီနည်းပြက ချီးကျူးခဲ့တာပါ။

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အသင်းအတွက် နိုင်ငံတကာ ပွဲပေါင်း (၂၀၀) ပြည့်မြောက်အောင် ကစားနိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အိုက်စလန်ကို သူ့ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နိုင်ငံတကာ ကစားသမားဘဝ ပွဲပေါင်း (၂၀၀) ပြည့်မြောက်ခဲ့တာပါ။



ရော်နယ်ဒိုဟာ အသက် (၃၈) နှစ်အရွယ်ရှိနေပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ ကစားအားကတော့ တော်တော်လေး ကောင်းမွန်နေဆဲလို့ ဆိုရမှာပါ။ ပုံမှန်အားဖြင့် ဘောလုံးသမားအများစုက ရော်နယ်ဒိုရဲ့ အသက်အရွယ်မှာ အနားယူခဲ့ကြပြီဆိုပေမယ့် ဆော်ဒီကလပ် အယ်လ်နာဆာမှာ ကစားနေတဲ့ ရော်နယ်ဒိုကတော့ လက်ရွေးစင်မှာပါ ပုံစံကောင်းပြနေဆဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပေါ်တူဂီ လက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က “ခင်ဗျားသာ အပြင်လူဆိုရင် ရော်နယ်ဒိုရဲ့ လျှို့ဝှက်ချက်ကို သိနိုင်မှာ မဟုတ်ပါဘူး။ အသက် (၃၈) နှစ်အရွယ်အထိ သူ ဒီလောက်ပွဲအရေအတွက်ကို သူ ကစားနိုင်ခဲ့တာပါ။ သူနဲ့သာ အတူရှိနေတယ်ဆိုရင်တော့ ခင်ဗျားတို့ ဘာကြောင့်လဲဆိုတာကို နားလည်သွားမှာပါ”

“သူ့ရဲ့ ခံယူချက်၊ စိတ်ပိုင်းဆိုင်ရာ၊ မျှော်မှန်းချက်တွေက အကောင်းဆုံးဖြစ်နေပြီး လူတိုင်းကိုလည်း တိုးတက်စေခဲ့ပါတယ်။ ဒါမျိုးကို လူငယ်ကစားသမားတိုင်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်လည်း သူ့ဆီကနေ ဒါကို သင်ယူခဲ့ရပါတယ်။ အတွေ့အကြုံတွေနဲ့ ယှဥ်လာရင်တော့ ခင်ဗျားက အမြဲတမ်း ငယ်ရွယ်နေဆဲပါ”

“ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်တွေက ကျွန်တော့်ကို မအံ့သြစေပါဘူး။ နိုင်ငံအသင်းအတွက် ပွဲပေါင်း (၂၀၀) ကစားပေးပြီးတဲ့နောက် သူ့ရဲ့ ခံယူချက်ကို ခင်ဗျားတို့ စိတ်ကူးယဥ်ကြည့်လို့ရပါတယ်။ အမြင့်ဆုံးအဆင့်အတန်းမှာ ရှိနေဖို့ဆိုရင် ခင်ဗျားက အကောင်းဆုံးပုံစံမှာမရှိနေတော့တာကိုလည်း လွယ်လွယ်ကူကူ လက်ခံနိုင်ရပါမယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က