ဖီဂိုကတော့ တနိုင်ငံတည်းသားချင်း ရော်နယ်ဒိုကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်ကစားသမားကြီး လူးဝစ်ဖီဂိုက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်မှာ အသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူပေးနေပေမယ့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။



အထူးသဖြင့် သူ့ရဲ့ကစားပုံက ယူနိုက်တက်တသင်းလုံးကို နောက်ပြန်ဆွဲနေတယ်လို့ ဝေဖန်မှုတွေရှိနေပြီး ဆိုးလ်ရှား ရာထူးက ထုတ်ပယ်ခံခဲ့ရတာဟာ ရော်နယ်ဒိုကိုပြန်ခေါ်လိုက်တဲ့အမှားက အစပြုတယ်လို့ဆိုတဲ့အထိ ဝေဖန်နေကြပါတယ်။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်က ယာယီနည်းပြသစ်အဖြစ် ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့ပြီး ရန်းနစ်ဂ်ရဲ့ ကစားကွက်မှာလည်း ရော်နယ်ဒို ရုန်းကန်ရမယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပါပြီ။

အဲ့ဒါကြောင့်လည်း ဖီဂိုက “ဒီလိုမျိုး ရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေက အဓိပ္ပာယ်မရှိတာပဲဗျ။ ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားလေ။ ဘောလုံးက ရလဒ်အပေါ်မှာပဲ မူတည်တာပါ။ အသင်းကလည်း လိုချင်တဲ့ရလဒ်တွေမရဘူးလေ။ ဒါပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ပြနိုင်တဲ့ ကစားသမားတွေထဲက တယောက်ပါ”

“အဲ့ဒါကြောင့် ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ရော်နယ်ဒိုအပေါ် ဝေဖန်ပြစ်တင်မှုတွေကို နားမလည်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက်ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ် (၅) ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတယောက်ပါ။

အထူးသဖြင့် ရော်နယ်ဒိုက ဗီလာရီးရဲယ်နဲ့အိမ်ကွင်းပွဲ၊ အတ္တလန်တာနဲ့အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့တို့မှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုသာမရှိရင် ယူနိုက်တက်တို့ အခုချိန်လောက်ဆို ယူရိုပါလိဂ် ဆင်းကစားနေရပြီဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း စက်တင်ဘာအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံးကစားသမားဆု၊ စက်တင်ဘာနဲ့ အောက်တိုဘာအတွက် ယူနိုက်တက် တလတာ အကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်ရရှိခဲ့ပြီးပါပြီ။ 

Share

Loading Next Article...
က္က