လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့နောက်ခံလူ မာတစ်ပ်ရဲ့ ဒဏ်ရာပြဿနာကြောင့် ကစားသမားသစ် ခေါ်ယူမလားဆိုတဲ့အပေါ် စိတ်ပျက်လက်ပျက် ဖြေကြားခဲ့ပါတယ်။ မာတစ်ပ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာပါ။
ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဗန်ဒိုက်ချ်နဲ့အတူ ကိုနာတေးက ဗဟိုနောက်ခံလူနေရာမှာ တွဲဖက်ပွဲထွက်ခဲ့ပါတယ်။ အရန်ခုံမှာတော့ တက်သစ်စကြယ်ပွင့် ကွန်ဆာချ်သာ ရှိပါတော့တယ်။
အဲ့ဒါကြောင့်လည်း ရာသီလက်ကျန်ကို ဖြတ်သန်းဖို့အတွက် ဇန်နဝါရီမှာ ဗဟိုနောက်ခံလူအသစ် ခေါ်ယူမလားဆိုပြီး သတင်းထောက်က မေးမြန်းခဲ့တာပါ။ ဒါပေမယ့်လည်း ကလော့ပ်က “(၈) နှစ်လောက်ကြာတဲ့အထိ ကျွန်တော် ဒါကို နားမလည်နိုင်ပါဘူး။ ခင်ဗျားတို့က အပြောင်းအရွှေ့ကိစ္စကို ကမ္ဘာ့အလွယ်ကူဆုံးကိစ္စလို့ ထင်နေကြတာပဲ“
“ကစားသမားသစ်ခေါ်ဖို့ဆိုရင် ကျွန်တော်တို့ ပိုက်ဆံရှာရပါမယ်။ ကျွန်တော်တို့မှာ သုံးမကုန်တဲ့ ပိုက်ဆံတွေရှိနေရင်တော့ အပြောင်းအရွှေ့အကြောင်းကို အမြဲတမ်း ပြောနေမှာပေါ့။ ခင်ဗျားတို့ သတင်းထောက်တွေ၊ ပရိသတ်တွေက ငါတို့ နောက်ထပ် ကစားသမားလိုတယ်ဆိုတာချည်းပဲ ပြောနေကြပါတယ်”
“ကစားသမားသစ်ခေါ်ဖို့အတွက်ဆိုရင် ပိုက်ဆံသုံးရပါတယ်။ နောက်ပြီး မှန်ကန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ အကောင်းဆုံးဗဟိုနောက်ခံလူကို ရောင်းထုတ်ချင်တဲ့ အသင်းရှိရင် ခင်ဗျားတို့ ကျွန်တော့်ကို ပြောပြပါဦး” လို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာပါ။