ဒီတပတ်အတွက် ၏မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးတစ်ဆိုင်ကတော့ မြောက်ဒဂုံမှာရှိတဲ့ ဦးဘဂျမ်းမုန့်တီဆိုင်ပါ။ မုန့်တီဆိုင်တစ်ဆိုင်နဲ့မတူဘဲ ကော်ဖီဆိုင်လေးတစ်ဆိုင်လို၊ ဘားတစ်ခုလို၊ Restaurant အသေးစားလေးလို ပြင်ဆင်ထားတဲ့ ဆိုင်အပြင်အဆင်က ဦးဘဂျမ်းမုန့်တီဆိုင်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာပါပဲ။ ညနေစောင်းလေးမှာ သူငယ်ချင်းတွေ စုပြီး မုန့်စားမလား၊ တစ်ယောက်တည်း အေးအေးလူလူထိုင်မလား၊ စျေးနှုန်းသင့်တင့်တဲ့ ရခိုင်အစားအစာလေးတွေစားရင်း စိတ်ကြိုက် အေးဆေး Chill လို့ရမယ့် ဆိုင်လေး ဖြစ်တာကြောင့် Duwun ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်....
ဦးဘဂျမ်းမုန့်တီဆိုင်လေးဖြစ်လာရတဲ့အကြောင်း
ဒီဆိုင်လေးမှာ အထူးခြားဆုံးကတော့ ဆိုင်ရဲ့အပြင်အဆင်ပါပဲ။ ပန်းပင်နဲ့ အပင်ငယ်လှလှလေးတွေ၊ အရိပ်ရပင်လေးတွေရှိတာကြောင့် စိတ်ကို အေးချမ်းသွားစေပါတယ်။ လက်ဆေးဖို့အတွက်လည်း ကြွေလက်ဆေးရေကန်လေးတစ်ခု ထားထားပေးပါသေးတယ်။ မုန့်တွေပြုလုပ်တဲ့ မီးဖိုချောင်လေးက အဆောင်သပ်သပ်၊ အအေးဖျော်ဖို့အတွက်က အဆောင်လေးသပ်သပ်စီထားပြီး ဒီဇိုင်းတစ်မျိုးဆီနဲ့ ချစ်ဖို့ကောင်းနေပြန်ပါသေးတယ်။ အုပ်စုလိုက်၊ နှစ်ယောက်ထိုင် သစ်သားခုံလှလှလေးတွေမှာ ထိုင်လို့ရသလို အအေးဖျော်တဲ့ အဆောင်လေးရှေ့က Bar မှာလည်း ဘားခုံအမြင့်လေးနဲ့ ထိုင်လို့ရပါသေးတယ်။
ဒီဆိုင်လေးကို အစပထမမှာ မုန့်တီဆိုင် ဖွင့်ဖို့မဟုတ်ဘဲ ကော်ဖီဆိုင်လှလှလေးအနေနဲ့ ဖွင့်ဖို့ စဉ်းစားခဲ့ကြတာပါ။
"ကော်ဖီဆိုင်အနေနဲ့ ဖွင့်မယ်ဆိုတော့ ပတ်ဝန်းကျင်က လာသောက်မယ့် အခြေအနေ တွေကို ကြည့်တော့ ဒီခေတ်ကြီးမှာ သိပ်အဆင်မပြေဘူး။ မုန့်တီဆိုင်လေးနဲ့ တွဲဖွင့်မယ်ပေါ့။ နောက်ဆုံးတော့ ရခိုင်အစားအစာကို အဓိက ရောင်းဖြစ်သွားတာပေါ့နော်" လို့ ဦးဘဂျမ်းမုန့်တီဆိုင်ပိုင်ရှင် မခင်ခင်ကျော်က ပြောပြပေးခဲ့ပါတယ်။
ဦးဘဂျမ်းမုန့်တီဆိုင်မှာရရှိနိုင်တဲ့ အစားအသောက်များ
ဦးဘဂျမ်းမုန့်တီဆိုင်မှာတော့ ရခိုင်မုန့်တီအပြင် ရခိုင်အစားအစာအများစုကိုရရှိနိုင်ပြီး အအေးမျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ မုန့်တီအရည်၊ မုန့်တီသုပ်၊ ကြက်ခြေထောက်သုပ်၊ ငါးနီတူသုပ်၊ သင်္ဘောသီးထောင်း၊ ပြည်ကြီးငါးသုပ် စတဲ့ ရခိုင်အစားအစာတွေက မုန့်တီတစ်ပွဲ ၅၀၀ ဖြစ်ပြီး စျေးအများဆုံးအစားအစာက ၂၀၀၀ ကျပ်ဖြစ်ပါတယ်။
အသီးဖျော်ရည်မျိုးစုံ ၊ Milk Shake မျိုးစုံနဲ့ Smoothe တွေကိုလည်းရရှိနိုင်ပြီး Bubble Milk Tea မျိုးစုံကိုလည်း ရရှိနိုင်မှာပါ။ ဒါ့အပြင် ဖာလူဒါ၊ဒိုမီနိုနဲ့ ရေခဲမုန့် ချစ်သူတွေ အတွက်လည်း တစ်နေရာထဲမှာအစုံရရှိနိုင်မှာပဲဖြစ်ပါတယ်။
ရခိုင်အစားအစာအစစ်အရသာကို ရရှိစေချင်တဲ့ဦးဘဂျမ်းဆိုင်ရဲ့စေတနာ
ဦးဘဂျမ်းမုန့်တီဆိုင်လေးရဲ့စားသုံးသူအပေါ် ထားတဲ့စေတနာလေးကတော့ ရခိုင်အစားအစာ ချစ်မြတ်နိုးသူတွေကို ရခိုင်ပြည်နယ်ကိုကိုယ်တိုင်ရောက်ရှိပြီးရခိုင်လက်ရာစစ်စစ်ကို စားသုံးစေချင်တဲ့ စေတနာတွေပဲဖြစ်ပါတယ်။
“ဒီဆိုင်မှာကအဓိကကတော့ ရခိုင်အစားအစာအစစ်တွေကို စားသုံးစေချင်တဲ့ စေတနာပေါ့။ကျွန်မကိုယ်တိုင်လည်းရခိုင်လူမျိုးဖြစ်တဲ့ အတွက် လက်ရာကို အကောင်းဆုံးလုပ်ထားတယ်။ ရခိုင်ကိုသွားပြီး ရခိုင်အစားအစာတွေကို စားသုံးရသလို ခံစားစေရအောင်လုပ်ထားပါတယ်" လို့ မခင်ခင်ကျော်က ပြောပြခဲ့ပါတယ်။
လူကြိုက်များလှတဲ့ ချဉ်ပေါင်ဇလုံထမင်းနယ်
ရခိုင်အစားအစာအပြင် ဦးဘဂျမ်းမုန့်တီဆိုင်ရဲ့ လူကြိုက်အများဆုံး Menu တစ်ခုကတော့ ချဉ်ပေါင်ဇလုံထမင်းနယ်ပဲဖြစ်ပါတယ်။
"ချဉ်ပေါင်ဇလုံထမင်းနယ်ဆိုပြီးဖြစ်လာတာက ကျွန်မ အသိတစ်ယောက်က ဒါလေးလုပ်ပါလားဆိုပြီး အကြံပေးတာပါ။ကျွန်မဆီမှာ ရခိုင်ထမင်းသုပ်တို့ လက်ဖက်ထမင်းသုပ်တို့ ရပါတယ်။အဲ့ဒါနဲ့ ချဉ်ပေါင်အနှစ်နဲ့ နယ်ထားတဲ့ ထမင်းရယ်။ကြက်ဥပါမယ်။သခွားသီးတို့စရာလေးနဲ့ ငရုတ်သီးကြော်တို့ပါပါမယ်။ အဲ့ဒါမျိုးဆိုတော့ စားရတဲ့သူလည်း ခံတွင်းမြိန်တယ်ပေါ့နော်။ အိမ်မှာ နယ်စားရတဲ့ ပုံစံမျိုးလေးဖြစ်အောင် လုပ်ပေးထားပါတယ် ။ ချဉ်ပေါင်ဇလုံထမင်းနယ်တစ်ပွဲကိုတော့ ငွေကျပ်၁၀၀၀ ပေးပြီး ဝယ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်”
ဦးဘဂျမ်းမုန့်တီဆိုင်ကို သွားမယ်ဆိုရင်..
ထူးခြားတဲ့ ဆိုင်အပြင်အဆင်၊ စိတ်ဝင်စားစရာ အစားအသောက်တွေကြောင့် ဦးဘဂျမ်းမုန့်တီဆိုင်ကို သွားချင်တယ်ဆိုရင် မြောက်ဒဂုံ ၄၂ ရပ်ကွက် ဦးဘဂျမ်းလမ်းထဲမှာ ဖွင့်လှစ်ထားပါတယ်လို့ လက်တို့လိုက်ပါရစေနော်။