မိခင်ကိုယ်တိုင် လာရောက်စွန့်ပစ်ထားတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို သရုပ်ဆောင် ခိုင်နှင်းဝေက ကောက်ယူမွေးစားပြီးတဲ့နောက် ကလေးမိခင်က ကလေးကို ပြန်လာတောင်းတဲ့ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ကလေးကို တရားဥပဒေနဲ့အညီ တောင်းယူမှသာ ပြန်လည်ပေးမည်ဖြစ်တဲ့အကြောင်း ခိုင်နှင်းဝေက စက်တင်ဘာလ ၁၇ ရက်နေ့က မီဒီယာများနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။
ဖြစ်စဥ်အသေးစိတ်ကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ သရုပ်ဆောင် ခိုင်နှင်းဝေက ဆိုရှယ်မီဒီယာကနေ အခုလိုမျှဝေထားပါတယ်။
“မနေ့ညနေ (၃) နာရီ အချိန်ခန့်က Taxi အဖြူရောင် နဲ့ အသက် (၂၀) ဝန်းကျင် အမျိုးသမီးတစ်ယောက် ကျမ ဂေဟာ နားမှာ ကလေး လိုက်ပေးပါတယ်..(အမေ ကိုယ်တိုင် ဖြစ်ကြောင်း) လဲ သိရပါတယ်..မကြာခင်မှာပဲ ကလေးကို ကျမတို့ ဂေဟာ လမ်းထိပ်မှာ ပစ်ပြီး ကားမောင်းပြေးသွားပါတယ်..ရပ်ကွက်မှ လူများ ကားနောက်သို့ ပြေးလိုက်ပေမဲ့ မမှီတော့တဲ့ အတွက် ကျမတို့ဂေဟာကို လာပို့ဆောင်ခြင်းဖြစ်ပါတယ်....ကားနံပါတ်မှတ်ခြင်း၊ အမျိုးသမီး ပုံများ ရိုက်ထားခြင်း၊ ကျမ page မှ post များတင်ပြီး မကြာခင် ကလေးပျောက်ကြောင်း ကျမအသင်းဆီ ဖုန်းများဝင်လာပါတယ်..ကလေးမှာ လှိုင်သာယာဆေးရုံမှာ မွေးကြောင်း၊ အမေ မှာ သွေးလန့်ပြီး လျှောက်သွားကြောင်း၊ တို့ဆေးမိနေကြောင်း များ ပြောလာပါတယ်..ကျမ အနေနဲ့ Taxi ဆရာ၊ ကလေးပျောက်သော မိဘများ နှင့် ရပ်ကွက်မှ ပြည်သူများ ခေါ်ယူတွေ့ဆုံကာ မနက်ဖြန် (၁၇.၉.၂၀၂၂ ) စနေနေ့ နေ့လည် (၂) နာရီ မှာ Live လွှင့်၍ ပျောက်တဲ့ ကလေး နှင့် ပစ်တဲ့ ကလေး တူ မတူ ဆိုတာ အတည်ပြု သွားပါမယ်ရှင်”
Photo-Khine Hnin Wai FB
စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကလေးကို အတည်ပြုပြီးတဲ့နောက် ကလေးမိဘတွေနဲ့ ဆွေမျိုးများက ကလေးကို ပြန်လိုချင်ကြောင်း ပြောဆိုကြရာ သရုပ်ဆောင်ခိုင်နှင်းဝေက ယခုလိုအလားတူဖြစ်ရပ်မျိုး နောက်နောင် များစွာ ဖြစ်ပေါ်လာမှာစိုးရိမ်သောကြောင့် တရားဥပဒေအရသာ ရင်ဆိုင်ပြီး ကလေး တောင်းရမ်းမှု ပြုလုပ်ဖို့ ပြောခဲ့ပါတယ်။
"အစ်မတို့ဂေဟာမှာ မိခင်ကိုယ်တိုင်ဖြစ်စေ၊ ဖခင်ကိုယ်တိုင်ဖြစ်စေ၊ မိသားစုရှိရင် အစ်မတို့လက်မခံဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း အရင်ကတည်းက ချမှတ်ထားတယ်။ အဲဒါဘာလို့လဲဆိုတော့ ကလေးတွေရဲ့ နောင်ရေးကိုကြည့်ပြီးတော့ ချမှတ်ထားတာ။ အရမ်းဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ ခိုင်လုံတဲ့အကြောင်းတွေရှိရင်တော့ အစ်မတို့လက်ခံတယ်။ ဒါပေမယ့် အလိမ်အညာတွေလည်းပေါတဲ့အတွက် အစ်မတို့ကလေးတွေကို သေချာစိစစ်ရတယ်။ အခု ဒီကိစ္စမှာလည်း ကလေးအမေ ကောင်မလေးအနေနဲ့ သူ့အခက်အခဲတွေ တစ်စုံတစ်ခုဖြစ်နေရင် အစ်မကိုကိုယ်တိုင်လာပြော၊ အခက်အခဲတွေရင်ဖွင့် အစ်မက စဉ်းစားပေးမယ်။ ကလေးကိုပစ်လိုက်ပြီ၊ အစ်မကလည်း မိခင်အရင်းမှန်ရင်ပြန်ပေးမှာပါ၊ ဒါပေမယ့်လွယ်လွယ်နဲ့ ပြန်မပေးချင်ဘူး၊ ပစ်လိုက်တဲ့နောက်ဆက်တွဲပြသာနာကို မိခင်တွေအနေနဲ့ မြင်အောင်လို့ဖြစ်စေချသင်တယ်၊ တရားရုံးကနေ ဦးတိုက်လျှောက်၊ အစ်မက ကလေးကိုပြန်ပေးမယ်" လို့ ခိုင်နှင်းဝေက မီဒီယာကို ဖြေကြားခဲ့တာပါ။
ဒါ့အပြင် ကလေးရဲ့အသက်အန္တရာယ်အတွက်လည်း စိုးရိမ်မိတဲ့အကြောင်း ပြောပါတယ်။
“ဒီကလေးတစ်ယောက်ကို ပြန်ပေးလိုက်လို့ ကလေးကို မလိုချင်လို့ နောက်ဆုံး အဆုံးစီရင်တာတို့၊ သတ်တာတို့ ဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။ နောက်ဆုံး ပြန်ပေးရရင်တောင်မှ ခံဝန်ကတိနဲ့ စာချုပ်စာတမ်းနဲ့ ဒီကလေးကို တရားဥပဒေအရ၊ ရှေ့နေတွေ ရှေ့မှာပဲ ပြန်ပေးချင်တယ်။ ဒါမှလည်း ဒီကလေးရဲ့ဘဝကို စိတ်ချရမယ်လို့ အစ်မက ယုံကြည်တယ်။ သူတို့စိတ်ဖောက်တိုင်းသာ ပစ်မယ်ဆိုလို့ရှိရင် ဒီကလေးလေးရဲ့အသက်က..သူ့ကိုစိတ်မချလို့ အဘိုးအဘွားတွေ မွေးမှာလား။ ဒီကလေးရဲ့အသက်အာမခံ သူတို့ဘာလုပ်ပေးမှာလဲ၊ ဒီလိုမျိုးဟာတွေလုပ်ပေးနိုင်လို့ရှိရင် ပြန်စဥ်းစားရမှာပေါ့" လို့ ခိုင်နှင်းဝေက တွေးတွေးဆဆပြောပါတယ်။
Photo-Khine Hnin Wai FB
ကလေးမိခင် မချိုချိုဝင်းကလည်း မိမိကလေးကိုပြန်လိုချင်တာကြောင့် သရုပ်ဆောင်ခိုင်နှင်းဝေကို ကျေနပ်သည်အထိ တောင်းပန်ခွင့်လွှတ်မှု ရယူသွားမှာဖြစ်ပြီး ဒီလိုမှ မဟုတ်ပါက တရားရုံးအထိ တက်ရောက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
"ညီမက ကလေးကိုပစ်လိုက်တာလည်းမဟုတ်သလို ပေးလိုက်တာလည်းမဟုတ်ပါဘူး၊ ကိုယ်ဝန်ဆိပ်တက်ပြီး သွေးကြောင်သွားတာကြောင့်လည်း လုပ်မိလုပ်ရာလုပ်လိုက်မိတာပါ။ ဒါပေမယ့် ဘာတွေဖြစ်လို့ အဲဒီလိုပစ်လိုက်မိလည်းဆိုတာ ကိုယ်တိုင်မသိတော့ပါဘူး။ ညီမရဲ့ကလေးကိုတော့ စွန့်ပစ်ဖို့တော့ စိတ်ကူးလုံးဝမရှိပါဘူး။ ညီမအမျိုးသားရောညီမရောက ကလေးအရမ်းလိုချင်ပြီးကလေးအရမ်းချစ်တာပါ"
ဆိုပြီးမျက်ရည်တွေနဲ့ဆိုလာပါတယ်။
လက်ရှိမှာတော့ ကလေးလေးဟာ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာပဲ ကျန်းမာစွာ ရှိနေပြီး ကလေးအတွက် လိုအပ်တဲ့ဆေးစစ်ချက်တွေပါ လုပ်ဆောင်ခဲ့တယ်လို့သရုပ်ဆောင်ခိုင်နှင်းဝေက
ဆိုပါတယ်။
Photo-Khine Hnin Wai FB
မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေပြီး “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ” ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေဟာ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်ပြီး လူထုရဲ့ ယုံကြည်မှုကို ရရှိထားသူဖြစ်တာကြောင့် သူမထံ စွန့်ပစ်ကလေးငယ်တွေ လာရောက်အပ်နှံလေ့ရှိသလို တချို့ကလည်း ဂေဟာနားအထိ လာရောက်စွန့်ပစ်သွားကြတာတွေ ရှိပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မှော်ဘီဘက်မှာ စွန့်ပစ်ထားတဲ့ ရက်သား ကလေးငယ်တစ်ဦးကို လာရောက်အပ်နှံလို့ ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူထားရပါသေးတယ်။
Photo-Khine Hnin Wai FB
ယခင်က ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာက အခက်အခဲပေါင်းများစွာကြားထဲကနေ ကလေးတွေကို ပြုစုစောင့်ရှောက်ထိန်းသိမ်းလာခဲ့ရာကနေ အခုဆိုရင် ကလေး ၆၀ ဝန်းကျင်ကို အလှူရှင်များအကူအညီနဲ့ ပြည့်ပြည့်စုံစုံ စောင့်ရှောက်နိုင်နေပြီဖြစ်ပါတယ်။ မူလ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို မြောက်ဒဂုံမြို့နယ်ကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တောင်ဒဂုံ မြို့နယ် ၅၆ စျေးအနီးမှာ ပိုမိုကျယ်ဝန်းတဲ့ ရင်သွေးလေးများဂေဟာအသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ အနုပညာလောကထဲကိုခြေချပြီးတဲ့နောက် အောင်မြင်ကျော်ကြားမှု ပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ၂၀၁၄ ခုနှစ်က စတင်လို့ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
Share