MIT သုတေသနပညာရှင်တွေဟာ ပင်လယ်ရေကို ရေသန့်အဖြစ် ပြောင်းလဲနိုင်မယ့် ခရီးဆောင်အိတ်အရွယ်ပစ္စည်းတစ်မျိုးကို ဖန်တီးထားပါတယ်။
ဖုန်း Charger တစ်လုံးထက် စွမ်းအင်သုံးစွဲမှုနည်းပြီး စွမ်းအင်အတွက် Solar Panel ပြားတွေနဲ့ မောင်းနှင်ပါတယ်။ ဒီပစ္စည်းဟာ နမူနာ Prototype အဆင့်မှာ ပင်လယ်ရေကို အမှုန်အမွှားနဲ့ ဆားတွေ ဖယ်ရှားပြီး တစ်နာရီ ရေသန့် ၁ လီတာနှုန်းရအောင် သန့်စင်ပေးသွားမှာပါ။ ထုတ်ကုန်အနေနဲ့ အပြည့်အဝတီထွင်ပြီးသွားရင်တော့ တစ်နာရီကို ရေသန့် ၁၀ လီတာအထိ ထုတ်လုပ်နိုင်ဖို့ ရှိပါတယ်။
ရေအရည်အသွေးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရည်အသွေးစံတွေထက် သာလွန်တဲ့ သောက်ရေသန့်ရအောင် ဒီစက်လေးက အလိုအလျောက် ထုတ်လုပ်ပေးသါားမှာပါ။ ပုံမှန် ခရီးဆောင်အိတ်အရွယ်အစား နဲ့ လာပြီး အလေးချိန် ၁၀ ကီလိုဂရမ်တောင် မရှိဘူးလို့ ဆိုပါတယ်။ အရွယ်အစားနဲ့ အလေးချိန်အရ သယ်ရတာ လွယ်ကူအဆင်ပြေပြီး ဝေးကွာလွန်းတဲ့ ပင်လယ်ထဲက ကျွန်းတွေ နဲ့ ပင်လယ်ခရီးသွားသူတွေ ၊ ကမ်းခြေနားမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ပင်လယ်ရေကို သောက်ရေဖြစ်အောင် အလိုအလျောက် သန့်စင်သွားမှာ ဖြစ်ပြီး ပုံမှန် ရေသန့်စင်တဲ့ပစ္စည်းတွေလို ရေစစ်တဲ့ Filters တွေ အစား လျှပ်စစ်ဓါတ်အား သုံးထားတာ ဖြစ်လို့ ရေစစ် Filers တွေ အသစ်လဲရတာမျိုး မဖြစ်တော့ပါဘူး။ ပင်လယ်ရေထဲမှာ ပါတဲ့ ဆားမော်လီကျူးတွေ နဲ့ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်တွေလို အမှုန်အမွှားတွေ ဖယ်ရှားနိုင်ဖို့ လျှပ်စစ်စက်ကွင်းနှစ်မျိုး သုံးထားပါတယ်။
စက်ရဲ့ ပြင်ပကိုယ်ထည်မှာ ပါဝါခလုတ် ၊ ရေသန့်စနစ် စတင်ဖို့ Process ခလုတ်နဲ့ ပိတ်ဖို့ Stop ခလုတ် ၃ ခုပဲ ပါရှိပါတယ်။ ဆားရေကို သန့်စင်ပြီးလို့ သောက်သုံးနိုင်တဲ့ အဆင့်ရောက်တာနဲ့ Screen ကနေ သောက်သုံးရေ ရပြီ ဖြစ်ကြောင်း အသိပေးသွားမှာပါ။ နောက်နှစ်ထဲမှာ ဒီ Prototype ကို ထုတ်ကုန်အနေနဲ့ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ထားပါတယ်။