မနေ့က ထိုးသတ်ခဲ့တဲ့ မြန်မာကိုယ်စားပြု Dave Leduc (ဒေဝ) နဲ့ ကမ္ဘောဒီးယားဖိုက်တာ Prom Samnang တို့ပွဲကတော့ သရေနဲ့ပြီးသွားခဲ့ပါတယ်။ ဒီပွဲဟာ ဒေ့ဗ်အတွက် နောက်ဆုံးသော လက်ဝှေ့ပွဲစဉ်လည်းဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူကို သိသိသာသာအသာစီးရအောင် ထိုးသတ်နိုင်ခဲ့ပြီး ပရိသတ်အားလုံးက ဒေ့ဗ်အနိုင်ရတယ်လို့သာ မှတ်ယူခဲ့ကြပါတယ်။
ဒီပွဲစဉ်ဟာ ၉ မိနစ်တချီ ထိုးသတ်ခဲ့ရတာဖြစ်ပြီး အလဲမထိုးနိုင်ရင် သရေလို့ သတ်မှတ်တဲ့အတွက်ကြောင့်သာ ဒေ့ဗ်က သရေနဲ့ ကျေနပ်လိုက်ရတာပါ။ ဒါပေမယ့်လည်း သူ့ရဲ့ လက်ရည်ကတော့ ပြိုင်ဘက်ထက် သာလွန်ကောင်းမွန်ခဲ့ပြီး တချိန်လုံးအသာစီးက ထိုးသတ်ကာ ပြိုင်ဘက်ကိုအထိနာစေခဲ့ပါတယ်။
ထွန်းထွန်းမင်းကို အနိုင်ရရှိထားတဲ့ ခမာလက်ဝှေ့ကျော်ဟာ ဒေ့ဗ်ကို အနိမ့်သရေသာ ခံထိုးနိုင်ခဲ့တာပါ။ ဒေ့ဗ်ရဲ့ စနစ်ကျပြီး လှပတဲ့ သတ်လုံးသတ်ပေါက်တွေအောက်မှာ သူ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒေ့ဗ်က ကြိုးဝိုင်းကိုပါ စိုးမိုးထားပြီးတော့ အလဲထိုးနိုင်ဖို့အတွက်အားထုတ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့လို့ နှမျောစရာကောင်းလှပါတယ်။
မြန်မာပြည်အလွတ်တန်းချန်ပီယံအဖြစ်နဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဒေ့ဗ်က ပရိသတ်အကြိုက်ထိုးသတ်ပြီး သူ့ရဲ့ နောက်ဆုံးပွဲကို နှုတ်ဆက်ခဲ့ပါတယ်။ ဒေ့ဗ်ဟာ ကမ္ဘောဒီးယားကို ရောက်ရောက်ချင်း လေဆိပ်မှာပဲ Prom Samnang ရဲ့ နာမည်ကို အော်ဟစ်ကာ စိန်ခေါ်မှုပြုလုပ်ခဲ့သေးပြီး ပွဲကို အရှိန်မြှင့်ခဲ့ပါသေးတယ်။