ချာကာရဲ့အဝါကတ်ကြောင့် လောင်းကစားကုမ္ပဏီတွေ ဒုက္ခများခဲ့ရပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ချာကာတယောက် ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်း ကစားခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ အဝါကတ်ထိခဲ့တဲ့အပေါ် လုပ်ပွဲသံသယနဲ့ စုံစမ်းစစ်ဆေးနေကြပြီလို့ သိရှိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပေါင် (၆) သောင်းခွဲတန် လောင်းကြေးတခုက ပတ်သက်ဆက်စပ်နေပြီး နိုင်ငံတကာမှုခင်းအေဂျင်စီကပါ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။



လိဒ်စ်ကွင်းမှာ အာဆင်နယ်က ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲရဲ့ ပွဲကစားချိန် (၈၅) မိနစ်မှာ ချာကာ အချိန်ဆွဲတယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့တာပါ။ ဒီပွဲမှာ ချာကာ အဝါကတ်ထိမယ်ဆိုတဲ့ လောင်းကြေးအတွက် ထိုးသားတယောက်က ပေါင် (၆) သောင်းခွဲ လောင်းကြေးထပ်ခဲ့ပြီး ဒီအဝါကတ်ကြောင့်ပဲ ပေါင် (၂) သိန်းခွဲအထိ အနိုင်ရရှိသွားခဲ့ပါတယ်။



ဒါက သွေးရိုးသားရိုးမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဘက်က ယူဆခဲ့ပြီး အခုတခါမှာ နိုင်ငံတကာမှုခင်းအေဂျင်စီကပါ ဒီအမှုထဲပါဝင်လာခဲ့တာပါ။ ဒါပေမယ့်လည်း ချာကာ ဒါမှမဟုတ် အာဆင်နယ် ကစားသမားတွေအပေါ် စွပ်စွဲမှုတစုံတရာမရှိသေးဘူးလို့လည်း သိရှိရပါတယ်။ ဒါ့အပြင် ချာကာရဲ့ အပြုအမူအပေါ် စုံစမ်းစစ်ဆေးမှု တစုံတရာမရှိသေးဘူးလို့လည်းဆိုပါတယ်။

ဒါပေမယ့် လိုအပ်တဲ့အချက်အလက်အားလုံးကိုတော့ နိုင်ငံတကာမှုခင်းအေဂျင်စီဆီ လွှဲပြောင်းပေးအပ်ထားပြီး ဒီဖြစ်ရပ်အပေါ် ဘယ်သူက အဓိကတာဝန်ရှိသလဲဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ။ ချာကာရဲ့ အဆိုပါအဝါကတ်က ကြီးမားတဲ့အလျော်အစားကို ပြုလုပ်စေခဲ့ရတာကြောင့် လောင်းကစားကုမ္ပဏီတွေကို တုန်လှုပ်စေခဲ့တယ်လို့လည်း သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က