ရန်ကင်းဈေးထဲမှာ တောင်းနဲ့ ရောင်းတာကနေ (၆)လအကြာမှာဆိုင်ခန်းလေးနဲ့ ဖြစ်လာခဲ့တာပါ။

ရန်ကုန်မြို့မှာ ခိုတောင်မုန့်တီကို ခိုတောင်ရွာရဲ့ ဓလေ့အတိုင်းစားချင်တဲ့ သူတွေအတွက် လက်ရာလည်းကောင်း၊ ခိုတောင်ရွာဓလေ့ ပုံစံလေးအတိုင်းရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ Duwun ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။



ရန်ကင်းဈေးက အစပြုရာ တောင်းကလေးခိုတောင်မုန့်တီ

လွန်ခဲ့တဲ့ (၆) လောက်က ရန်ကင်းဈေးထဲမှာ တောင်းကလေးနဲ့ ခိုတောင်မုန့်တီရောင်းတဲ့အကြောင်း အွန်လိုင်းအသုံးပြုသူတော်တော်များများနဲ့ အစားအသောက်ချစ်သူတွေ သတိထားမိကြမှာပါ၊ ရွှေဘိုသူတစ်ယောက်ဖြစ်တဲ့ မလင်းလင်းဟာ ကိုယ်တိုင်ကလည်း ခိုတောင်မုန့်တီကို ကြိုက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ရန်ကုန်က လူတွေကိုလည်း ခိုတောင်မုန့်တီကောင်းကောင်းလေးစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ကင်းဈေးထဲမှာ တောင်းကလေးနဲ့စတင်ရောင်းဖြစ်ခဲ့တာပါ။

“ ခိုတောင်မုန့်တီရဲ့ မူရင်းကိုက တောင်းကလေးတွေနဲ့ ရောင်းတာက ရိုးရာဓလေ့ဖြစ်နေတာပေါ့နော်။ အဲဒီတော့ ကျွန်တော်လည်း ရန်ကုန်မှာ သူများနဲ့ မတူအောင်ဆိုပြီးတော့ တောင်းကလေးပေါ်မှာ စဉ့်အိုးလေးတွေထားပြီး ရောင်းခဲ့တာပါ။ အဲဒီတုန်းက ပထမဦးဆုံး ခိုတောင်မုန့်တီကို တောင်းနဲ့စရောင်းတာ ရန်ကုန်မြို့မှာ ကျွန်တော်တစ်ဦးတည်းလို့ ပြောလို့ရပါတယ်” လို့ မလင်းလင်းကဆိုပါတယ်။


တောင်းကလေးခိုတောင်မုန့်တီ ဘာလို့ နာမည်ကြီးလာလဲ

ရန်ကင်းဈေးထဲမှာ မနက်စောစော တောင်းကလေးကိုချပြီး ခိုတောင်မုန့်တီရောင်းနေတဲ့ မြင်ကွင်းက ရန်ကုန်ဒေသခံတွေ အတွက် အထူးအဆန်းဖြစ်နေခဲ့ပါတယ်။ မန္တလေး-စစ်ကိုင်း ကားလမ်းမပေါ်က ခိုတောင်ရွာက ခိုတောင်မုန့်တီသည်တွေရဲ့ ပုံစံလေးကို မြင်တွေ့ရတာက တကယ်ကို စိတ်ဝင်စားစရာပါ။ ဒါတင်မကသေးပါဘူး။ အရသာကလည်း မန္တလေး၊စစ်ကိုင်းဘက်က လက်ရာအတိုင်း ဖြစ်နေတာကလည်း ရန်ကုန်ဒေသခံတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

“ လူတွေက တောင်းကလေးနဲ့ စဥ့်အိုးလေးတွေနဲ့ ရောင်းတာဆိုတော့ စိတ်ဝင်စားကြတယ်။ အရသာကိုလည်း ကြိုက်ကြတော့ အများကြီး အားပေးကြတယ်။ အဲဒါနဲ့ လာစားတဲ့သူတွေကိုယ်တိုင် ဖေ့စ်ဘွတ်ခ်တင်ပြီး ကြော်ငြာပေးကြတယ်။ စရောင်းတာ ပွဲ ၅၀၊ ၁၀၀ လောက်ကနေ တစ်ရက်ကို ပွဲ ၃၀၀ လောက်ရောင်းရတယ်” လို့ မလင်းလင်းက ဆိုပါတယ်။

လမ်းဘေးဈေးသည်ဘဝကနေ (၆)လအကြာမှာဆိုင်ခန်းလေးနဲ့ဖြစ်လာ

တောင်းကလေးခိုတောင်မုန့်တီက လမ်းဘေးမှာရောင်းတဲ့ အတွက် လာစားတဲ့သူများပြားလာတာကြောင့် နေရာအခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အဆင်ပြေပြေစားနိုင်ဖို့ ဆိုတဲ့စိတ်ကူးလေးနဲ့ (၆) လအကြာမှာ ဆိုင်ခန်းသေးသေးလေးတစ်ခု ဖွင့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

“ လာစားတဲ့သူတွေက ဆိုင်မှာနေရာမရှိတော့ပါဆယ်ဆွဲသွားကြတယ်။ တကယ်တော့ သူတို့က တောင်းလေးရှေ့မှာ တစ်ခါတည်း စားချင်ကြတာပေါ့နော်။ နေရာအခက်အခဲရှိတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါနဲ့ သူငယ်ချင်းနဲ့ တိုင်ပင်ပြီး ရန်ကင်းဈေးနဲ့လည်း မဝေးအောင် ရန်ရှင်းလမ်းမှာ ဖွင့်ဖြစ်သွားတာပါ။ “ လို့ မလင်းလင်းက ဆိုပါတယ်။

တောင်းကလေးခိုတောင်မုန့်တီရဲ့ အရည်အသွေး

ခိုတောင်မုန့်တီမှာ အဓိကက လက်ညှစ်မုန့်ဖတ်ပါ။ ရန်ကင်းတောင်းကလေးခိုတောင်မုန့်တီမှာ လက်ညှစ်မုန့်ဖတ်ကိုသာ အဓိက အသုံးပြုထားပြီး ကုန်ကြမ်းတွေအကုန်လုံးကို မန္တလေးက တိုက်ရိုက်မှာယူတာဖြစ်ပါတယ်။ ဆိုင်ခန်းနဲ့ ဖြစ်သွားပေမယ့်လည်း စားသုံးသူတွေ သဘောကျတဲ့ တောင်းကလေးနဲ့ မလင်းလင်းကိုယ်တိုင်သုပ်တဲ့ ပုံစံလက်ရာကတော့ မပြောင်းလဲပါဘူး။

“ ဆိုင်ဖွင့်တာ အခုဆို (၃) လကျော်လာပြီ။ တစ်နေ့ကို အချိန် (၇၀) နီးပါးလောက်ကုန်တယ်။ လာစားတဲ့သူတွေက ကျွန်တော်ဒီလိုမျိုးတောင်းလေးနဲ့ အဆာပလာတွေကို စဥ့်အိုးတွေထဲထည့်ပြီး ကိုယ်တိုင်သုပ်တဲ့ ပုံစံလေးကို ကြိုက်တာလေ။ ဆိုင်ခန်းနဲ့ ဖွင့်ထားလည်း အဲဒီလိုပုံစံလေးအတိုင်းပဲ ရောင်းပါတယ်။ မပြောင်းပါဘူး။ စားသုံးသူတွေကို တကယ် စေတနာအပြည့်နဲ့ရောင်းတယ်။ မုန့်တွေအကုန်လုံးကိုလည်း လတ်လတ်ဆတ်ဆတ်ပဲ လုပ်ပါတယ်” လို့ မလင်းလင်းက ဆိုပါတယ်။

ဆိုင်မှာရနိုင်တဲ့ အမျိုးအစားတွေ နဲ့ ဈေးနှုန်း

နာမည်အကြီးဆုံးကတော့ ခိုတောင်မုန့်တီနဲ့ မတ်ပဲကြော်ပါ။ ခိုတောင်မုန့်တီကို ကြက်အူ၊ ကြက်မြစ်ကြက်သဲ၊ ကြက်သား၊အမဲကြော ၊ ငါးဖယ်စတာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ တကယ်ကို လိုက်ဖက်မှုရှိပါတယ်။ မတ်ပဲကြော်ပူပူကလည်း စားလိုက်တာနဲ့ နူးနူးအိအိလေးဖြစ်တာကြောင့် ကြော်ပြီးချလိုက်တာနဲ့ ရောင်းကုန်သွားတဲ့ အခြေအနေပါ။ ဒါတင်မကသေးပါဘူး။ ပိတ်စွယ်လေးနဲ့ ငါးလေးနဲ့ ရောချက်ထားတဲ့ မုန့်ဟင်းခါး၊နန်းတုတ်ကြီး၊နန်းလတ်သုပ်နဲ့ အကြော်စုံတို့လည်း ရနိုင်ပါတယ်။ဈေးနှုန်းကတော့ တစ်ပွဲကို ၁၅၀၀၊ ၂၀၀၀ ကျပ်ခန့် ကျသင့်ပါတယ်။


တောင်းကလေးခိုတောင်မုန့်တီတည်နေရာနဲ့ ဆိုင်ဖွင့်ချိန်

ရန်ကင်းတောင်းကလေး ခိုတောင်မုန့်တီကတော့ တိုက်အမှတ် (၂၁၄) အခန်း (၄) ၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ဆယ့်နှစ်လုံးတန်းမှတ်တိုင် အနီး ဖုန်းနံပါတ် ၀၉၇၅၄၆၁၄၆၅၇ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်ပိုင်းဆိုရင် မနက် (၆) နာရီကနေ (၁၁) နာရီ၊ ညနေပိုင်းဆိုရင် ညနေ (၃) နာရီက (၇) နာရီအထိ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်းကလေး ခိုတောင်မုန့်တီအရသာကို မြည်းစမ်းချင်တဲ့သူတွေအတွက် ရန်ကင်းဘက်ရောက်တဲ့အခါ ဝင်စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က