ပရိသတ်တွေက ပေါ်တူဂီကြယ်ပွင့်ဟာ အရင်တုန်းကလိုမျိုး ခွန်အားတွေ ပြန်လည်ရရှိနေပြီလို့ ပြောဆိုနေကြပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်း လေ့ကျင့်ရေးမှာ ဂိုးတွေကို ထမင်းစား ရေသောက်သလို သွင်းယူပြနေပြီး ပရိသတ်တွေက ပေါ်တူဂီကြယ်ပွင့်ဟာ အရင်တုန်းကလိုမျိုး ခွန်အားတွေ ပြန်လည်ရရှိနေပြီလို့ ပြောဆိုနေကြပါတယ်။

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ပြီးနောက် ဆော်ဒီ အာရေဗျကလပ်အသင်းကို ယခုလအစမှာ ကြီးမားတဲ့ လစာပမာဏနဲ့ စာချုပ်ချုပ်ဆိုပြီး ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ပွဲမှာ အယ်လ် နက်ဆအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ် နက်ဆာအသင်းဟာ ၎င်းတို့ရဲ့ ကစားသမားသစ်ဖြစ်တဲ့ ရော်နယ်လ်ဒို ပွဲဦးထွက်ပါဝင်ကစားပေးဖို့ တဖြည်းဖြည်း နီးကပ်လာလေလေ ပေါ်တူဂီကြယ်ပွင့်ရဲ့ လေ့ကျင့်ရေးက လုပ်ဆောင်နေမှုတွေကို ပြသချင်လေလေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အယ်လ် နက်ဆာအသင်းက တင်ခဲ့တဲ့ လေ့ကျင့်ရေး ဗီဒီယိုဖိုင်ထဲမှာ စိတ်အားတက်ကြွနေပုံပေါ်ပြီး ဂိုးပေါက်ကို ကန်သွင်းခဲ့တဲ့ ၃ ကြိမ်စလုံး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။



ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ လေ့ကျင့်ရေးဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ကြပြီးနောက် ပေါ်တူဂီကြယ်ပွင့်ဟာ ထိုက်တန်တဲ့ပုံစံနဲ့ ဆက်ဆံတာ ခံနေရတဲ့အသင်းမှာရှိနေရတာကို ပျော်ရွှင်နေပုံပေါ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ "ရော်နယ်လ်ဒို ပျော်ရွှင်နေတယ်။ အဲဒီက ခံစစ်တွေကတော့ တုန်လှုပ်ခြောက်ခြားနေသင့်ပြီ"လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး "ဒီလိုမျိုး အားပါပြင်းထန်တဲ့ ကန်ချက်မျိုး သူ့မှာ ပိုင်ဆိုင်ထားခဲ့တယ်။ ဘယ်သူကမှ သူ့ရဲ့ဘောလုံးလမ်းကြောင်းထဲမှာ ရှိနေချင်မှာမဟုတ်ဘူး"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်း ရရှိမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဆော်ဒီ အာရေဗျနိုင်ငံကို ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဂရိ၊ အီဂျစ်တို့နဲ့အတူ ပူးတွဲကျင်းပနိုင်အောင် ကူညီပေးနိုင်ရင် အဲဒီလစာပမာဏရဲ့ ၂ ဆ ထပ်မံရရှိမယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ ငြင်းပယ်ထားပါတယ်။

Share

Loading Next Article...
က္က