မန်စီးတီးတို့ နယူးကာဆယ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတပွဲကို ထပ်မံဖော်ဆောင်ခဲ့တာပါ။

နှစ်သင်းလုံးက ကိုဗစ်ပြဿနာကို ထွေထွေထူးထူး ခံစားနေရတဲ့ အသင်းတွေ မဟုတ်တာကြောင့် အင်ပြည့်အားပြည့်ပဲ ပွဲထွက်ခဲ့ပါတယ်။ မန်စီးတီးက တိုက်စစ်ပိုင်းမှာ အပြောင်းအလဲအချို့လုပ်ခဲ့ပြီး ဂျေးဆု၊ စတာလင်တို့ ပွဲထွက်ခဲ့သလို ဒီဘရိုင်း၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယက်စ်၊ ကန်ဆယ်လိုတို့နဲ့ အစုံအလင် ပွဲထွက်ခဲ့တာပါ။



နယူးကာဆယ်ကလည်း ဂျိုလင်တန်၊ ဝီလ်ဆင်၊ ဖရေဆာ၊ ဝဲလ်လော့ခ်၊ အယ်လ်မီရွန်၊ လက်ဆဲလက်စ်တို့နဲ့ အဓိကပွဲထွက်ခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ အသေးစားဒဏ်ရာရခဲ့တဲ့ မက်ဆီမင် ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းကြား ခြေစွမ်းနဲ့ ကစားသမားအဆင့်အတန်းတွေ ကွာခြားလွန်းတာကြောင့် ပထမပိုင်းမှာတင် မန်စီးတီးတို့ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၄) မိနစ်မှာတင် နောက်ခံလူ ရူဘင်ဒီယက်စ်က မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲကိုလည်း ကောင်းကောင်းလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကြားရက်မှာ လိဒ်စ်ကို အိမ်ကွင်းမှာ ဂိုးမိုးရွာထားတဲ့ မန်စီးတီးတို့ ဒီပွဲမှာရော ထပ်ပြီး ဂိုးမိုးရွာမလား ထင်ခဲ့ကြပေမယ့် မန်စီးတီးတို့ ထိန်းကစားခဲ့ပါတယ်။

ဒုတိယမြောက်ဂိုးကိုတော့ ကန်ဆယ်လိုက ဧရိယာထိပ်ကနေ လှလှပပကန်သွင်းပြီး မန်စီးတီးတို့ ဒုတိယပိုင်းကို ဖိအားကင်းကင်းနဲ့ သက်သောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်တို့ မက်ဆီမင်၊ လောင်းစတပ်ဖ်တို့ကို ထည့်သွင်းခဲ့ပေမယ့် မန်စီးတီးကပဲ နောက်ထပ် ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဇင်ချန်ကိုရဲ့ ဖန်တီးပေးပို့မှုကတဆင့် မာရက်ဇ်က မြေမကျဘော လှလှပပကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ မန်စီးတီးတို့ အပြောင်းအလဲတွေလုပ်ခဲ့ပြီး ရိုဒရီ၊ ဒီယက်စ်တို့ကို အနားပေးခဲ့ပါတယ်။

မန်စီးတီးအတွက် ပွဲသိမ်းဂိုးကိုတော့ စတာလင်က ဂျေးဆုရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးခဲ့ပြီး မန်စီးတီးတို့ ပွဲအပြီးမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲက မန်စီးတီးအတွက် အဖိုးတန်ခဲ့ပြီး ချဲလ်ဆီးခြေချော်ချိန်၊ လီဗာပူးပွဲကျပ်ချိန်မှာ မန်စီးတီးတို့ အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က