မန်စီးတီးကတော့ နောက်တပတ် လီဗာပူးနဲ့တွေ့မယ့်ပွဲမတိုင်ခင် လုံးဝကို အမှားမခံခဲ့ဘဲ ဘန်လေကို အဝေးကွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရှိပေမယ့် မန်စီးတီးတို့ တောင့်တင်းတဲ့ လူစာရင်းနဲ့သာ ပွဲထွက်ခဲ့ပါတယ်။
အီဒါဆန်၊ ဝေါ်လ်ကာ၊ လာပေါ့တ်၊ အကီ၊ ကန်ဆယ်လို၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဂွန်ဒိုဂန်၊ စတာလင်၊ ဖိုဒန်၊ ဂရီလစ်ရှ်တို့ ပွဲထွက်ခဲ့ပါတယ်။ ဘန်လေကလည်း ပုံမှန်ပွဲထွက်နေကျ လူစာရင်းအတိုင်းပဲ မန်စီးတီးကို တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကပဲ ပွဲစဆုံး အသာစီးယူကစားခဲ့ပါတယ်။
ပွဲကစားချိန် (၄) မိနစ်မှာတင် စတာလင် ချပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းက အပြင်းကန်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးက မန်စီးတီးအတွက် ဖိအားလျော့စေခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ လီဗာပူးက ဝက်ဖို့ဒ်ကို နိုင်ထားတာကြောင့် မန်စီးတီးအတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ပွဲကစားချိန် (၂၄) မိနစ်မှာ ဒီဘရိုင်း၊ စတာလင်တို့ရဲ့ တွဲလုံးကတဆင့် ဂွန်ဒိုဂန်က မန်စီးတီးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မန်စီးတီးတို့ အနိုင်ထိန်းကစားခဲ့ပြီး နောက်ထပ်သွင်းဂိုးတွေကို မမြင်တွေ့ရတော့ပါဘူး။
မန်စီးတီးရဲ့ ဒီနိုင်ပွဲကြောင့် လာမယ့်အပတ် အီတိဟတ်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့မယ့်ပွဲက ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ ဗိုလ်လုပွဲတပွဲဖြစ်လာခဲ့ပြီး အဲ့ဒီပွဲမှာသာ မန်စီးတီးတို့ အနိမ့်ဆုံးသရေ ကစားနိုင်ခဲ့ရင် ချန်ပီယံဆုအတွက် တော်တော်လေး အခြေအနေကောင်းသွားဖို့ ရှိနေပါတယ်။
တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ ဘရိုက်တန်နဲ့နော့ဝစ်ချ်က ဂိုးမရှိသရေ၊ လိဒ်စ်နဲ့ဆောက်သမ်တန်က တဂိုးစီသရေ၊ ဝုလ်ဗ်က အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။