မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားအိုနာနာကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်လိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ ၁- ၀နဲ့ အနိုင်ယူပြီး ဒီရာသီချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။ ဒါပမေယ့် ၃ပွဲကစားပြီးချိန်မှာ ၃ မှတ်သာ ရရှိထားသာဖြစ်ပြီး အုပ်စုက တက်ရောက်နိုင်ဖို့ကို ရုန်းကန်ရဦးမှာပါ။
ညကပွဲမှာလည်း ယူနိုက်တက်ရဲ့ ခြေစွမ်းက အားရစရာမရှိခဲ့ဘဲ တော်တော်လေးဆိုးရွားခဲ့တာပါ။ ဟယ်ရီမက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဦးဆောင်ဂိုးရခဲ့ပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာ ပင်နယ်တီပြန်ပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို အိုနာနာက ကာကွယ်နိုင်ခဲ့လို့သာ ကံကောင်းခဲ့ပြီး အိမ်ကွင်းနိုင်ပွဲရခဲ့တာပါ။
အိုနာနာက "ကျနော်တို့က မန်ချက်စတာယူနိုက်တက်ပါ၊ ကြီးကျယ်ခမ်းနားတဲ့အသင်းတသင်းလည်းဖြစ်ပါတယ်၊ ကျနော်တို့ ရှေ့ဆက်သွားမယ်၊ နိုင်ပွဲတွေရအောင်ယူမယ်၊ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်မယ်ဆိုတာ ကျနော်တော့ ဘာသံသယမှကိုမရှိဘူး၊ သေချာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ အုပ်စုတွင်းမှာ ဘိုင်ယန်နောက် ၅ မှတ်အကွာ၊ ဂါလာတာစာရေးနဲ့ ၁ မှတ်အကွာမှာ ရှိနေပါတယ်။ အုပ်စုအဆင့်ရဲ့ ပထမအကျော့တွေပြီးဆုံးခဲ့ပြီဖြစ်ပြီး ဒုတိယအကျော့မှာ ယူနိုက်တက်အနေနဲ့ အနည်းဆုံး ၂ ပွဲအထိ အနိုင်ရထားမှသာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာလည်းဖြစ်ပါတယ်။
သူတို့ဟာ ဘိုင်ယန်နဲ့ ဂါလာတာစာရေးတို့ကို အရေးနိမ့်ထားပြီး ဒုတိယအကျော့ပွဲတွေမှာ ရလဒ်ကောင်းအောင် ကစားဖို့က အရေးကြီးနေတာလည်း ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ အဆင့် ၃ နေရာသာရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရဖွယ်ရှိပါတယ်။