မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲမှာ ယူနိုက်တက်က နာမည်ကြီး ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ဒါက အရမ်းကြီး ခက်ခဲတဲ့ အုပ်စုကျပ်တစ်ခုလည်း မဟုတ်ပါဘူး။
ယူနိုက်တက်အုပ်စုမှာ အသင်းကြီးဆိုလို့ ဘိုင်ယန်မြူးနစ်တစ်သင်းတည်းသာ ပါရှိပြီး ယူနိုက်တက်တို့ နောက်တစ်ဆင့်အတွက် သေချာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ဂါလာတာစာရေး၊ ကိုပင်ဟေဂင်တို့နဲ့ပွဲတွေမှာ အမှားမခံဖို့ လိုအပ်ပါတယ်။
ယူနိုက်တက်ဟာ မဲအိုး နံပါတ် (၂) မှာ ကျရောက်ခဲ့ပြီး မဲအိုးနံပါတ် (၁) က ဘိုင်ယန်မြူးနစ်နဲ့ ချက်ချင်းထိပ်တိုက်တွေ့ခဲ့တာပါ။ ဒီလိုမျိုး အုပ်စုက အရမ်းကြီးဆိုးရွားခြင်းမရှိပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့အသင်း ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲတိုင်း ကျိန်စာတိုက်ခံနေရတယ်လို့ ငြီးတွားနေကြပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၂၀၂၁-၂၂) ခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဗီလာရီးရဲလ်၊ အတ္တလန်တာ၊ ယန်းဘွိုင်းစ်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အုပ်စုပွဲ (၆) ပွဲမှာ ရော်နယ်ဒိုက (၆) ဂိုးအထိ သွင်းယူပြီး ယူနိုက်တက်ကို ဆွဲတင်ခဲ့ရပါတယ်။
အဲ့ဒီမတိုင်ခင်နှစ်မှာလည်း ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်၊ ဘာဆာခက်ရှာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အဆင့် (၃) သာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ အခုလိုမျိုး ဘိုင်ယန်မြူးနစ်ပါဝင်တဲ့ အုပ်စုမှာ ကျရောက်ခဲ့တဲ့အပေါ် ငြီးတွားနေကြတာလည်း ဖြစ်ပါတယ်။