ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကတော့ ကွာတားဖိုင်နယ်ပထမအကျော့မှာ ချယ်လ်ဆီးကို ၂ဂိုးပြတ်အနိုင်ယူပြီး နောက်တဆင့်အတွက် ခြေတဖက်လှမ်းလိုက်ပါပြီ။ လမ်းပတ်ရဲ့ ချယ်လ်ဆီးက ရီးရဲလ်ကို အဘက်ဘက်က မယှဉ်နိုင်ခဲ့ဘဲ အဝေးကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့လို့ အိမ်ကွင်းမှာ ရုန်းကန်ရတာ့မှာဖြစ်ပြီး မသေချာသလောက် အခြေအနေကို ရင်ဆိုင်လိုက်ရပါပြီ။
ဒီပွဲမှာ ဘန်ဇီမာက ဂိုးထပ်သွင်းခဲ့ပြီး သူ့ကို ဂိုးမသွင်းနိုင်စေရဘူးလို့ ကြုံးဝါးခဲ့တဲ့ ကူလီဘလီကို မျက်နှာပျက်စေခဲ့ပါတယ်။ ရီးရဲလ်က ပွဲကို အေးအေးဆေးဆေးထိန်းချုပ်ကစားခဲ့ပြီး လိုအပ်တဲ့အနိုင်ဂိုးတွေကို အချိန်မှန်ချိန်မှာ သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ တယောက်လျော့ခဲ့တဲ့ ချယ်လ်ဆီးတို့ ချေပဂိုးတောင် ပြန်မရခဲ့တော့ပါဘူး။
ဘန်ဇီမာရဲ့ ဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့သလို ချယ်လ်ဆီးတယောက်လျော့ချိန်မှာ အဆန်စီယိုက နောက်တဆင့်အတွက် စိတ်ချရစေမယ့် အနိုင်ဂိုးထပ်သွင်းသွားခဲ့ပါတယ်။ လမ်းပတ်ကတော့ တကျော့ပြန်နည်းပြဘ၀မှာ ၂ပွဲစလုံး အရေးနိမ့်ထားပြီး ၁ဂိုးမှလည်း မသွင်းနိုင်ခဲ့လို့ နာမည်ပျက်ဖို့ဇာတာပါလာသလားလို့တောင် ထင်မှတ်ရပါတယ်။
အားလုံးထင်မှတ်ခဲ့တဲ့အတိုင်း ရီးရဲလ်ပဲ အနိုင်ရခဲ့ပြီး ခန့်မှန်းရလွယ်တဲ့ ပွဲတပွဲအဖြစ် ရှိနေခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင် ချယ်လ်ဆီးတို့ အိမ်ကွင်းမှာလည်း အနိုင်ရဖို့ဆိုတာက မလွယ်ပါဘူး။ ချန်ပီယံလိဂ်ဆိုရင် ဘယ်လိုကစားရမလဲ၊ အနိုင်ဘယ်လိုယူရမလဲ ကောင်းကောင်းသိနေတဲ့ ရီးရဲလ်ရဲ့ အတွေ့အကြုံနဲ့ သမ္ဘာကတော့ အထင်ကြီးစရာကောင်းနေဆဲဖြစ်ပါတယ်။