ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ ဝင်ဘလေကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သွားရောက်ဖို့ အားလုံးပြင်ဆင်ထားပြီးမှ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတယ်လို့ သိရှိရပါတယ်။ ပီအက်စ်ဂျီဟာ ဆီမီးဖိုင်နယ်မှာ ဒေါ့မွန်ကို နှစ်ကျော့ပေါင်း ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပထမအကျော့ ဒေါ့မွန်ကွင်းမှာ ပီအက်စ်ဂျီတို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာတော့ ပီအက်စ်ဂျီတို့ သေချာပေါက် ပြန်အနိုင်ရပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်မယ်လို့ အများစုက သုံးသပ်ယူဆခဲ့ကြပါတယ်။
ပီအက်စ်ဂျီဘက်ကလည်း ထိုနည်းတူ ယုံကြည်မှုရှိခဲ့ပြီး ဗိုလ်လုပွဲတက်ခဲ့ရင် လိုက်ပါသွားမယ့် လူစာရင်းကိုပါ တစ်ပါတည်း စီစဉ်ထားခဲ့ပါတယ်။ အသေးစိတ် စီစဉ်မှုတွေကအစ ပီအက်စ်ဂျီတို့ ပြုလုပ်ထားခဲ့တယ်လို့ သိရှိရပေမယ့် တကယ်တမ်းမှာတော့ ပီအက်စ်ဂျီတို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ရပါဘူး။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲမှာလည်း ပီအက်စ်ဂျီတို့ ဒေါ့မွန်ကို ၀-၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်သွားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၀ ဂိုးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ အစီအစဉ်အားလုံးက ပျက်စီးသွားခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ဒီနှစ်မှာသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ရင် အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီတို့ဘက်က ဒီအတွက်ကို ကြိုတင်ပြင်ဆင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။