လီဗာပူးနည်းပြ ကလော့ပ်က လာမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆာလာရော၊ ဗန်ဒိုက်ချ်ရော နှစ်ယောက်လုံး ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ပါဝင်နိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ မေ (၂၈) မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ယှဥ်ပြိုင်ကစားရမှာပါ။
ဒီကြားထဲမှာတော့ လီဗာပူးက ဒီကနေ့ည ဆောက်သမ်တန်၊ လာမယ့်တနင်္ဂနွေမှာ ဝုလ်ဗ်တို့နဲ့ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဥ်တွေကို ကစားရဦးမှာဖြစ်ပါတယ်။ ဆာလာနဲ့ဗန်ဒိုက်ချ်တို့ဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာပါ။
ဆာလာကို ပထမပိုင်းမှာတင် လူစားလဲလိုက်ရပြီး ဗန်ဒိုက်ချ်ကိုတော့ အချိန်ပိုမကစားခင်မှာ လူစားလဲခဲ့ရပါတယ်။ ဒီနှစ်ယောက်ရဲ့ အနေအထားနဲ့ ပတ်သက်လို့တော့ ကလော့ပ်က “ဗန်ဒိုက်ချ်က ဒီကနေ့ည ဆောက်သမ်တန်နဲ့ပွဲမှာ သေချာပေါက် မပါဝင်ပါဘူး။ ဒါက အရမ်းရှင်းလင်းတဲ့ ကိစ္စပါ”
“ကျနော်တို့ သူ့ကို ဒီပွဲမှာ အနားပေးဖို့ အရင်တည်းက စဥ်းစားပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ သူက ပွဲဆက်တွေ အများကြီး ကစားခဲ့ရတယ်လေ။ စနေပွဲပြီးတော့ အင်္ဂါမှာ ဆက်ကစားမယ်ဆိုရင်တော့ ဒါက ရှင်းလင်းတဲ့အခြေအနေပါ။ ဆာလာရော၊ ဗန်ဒိုက်ချ်ရော နှစ်ယောက်လုံး ဒဏ်ရာက အဆင်ပြေပါတယ်။ လာမယ့် ဝုလ်ဗ်နဲ့ပွဲမှာတင် ပြန်ကစားမှာပါ”
“အရံခုံမှာထိုင်ရဦးမလား၊ မိနစ်အနည်းငယ် ဝင်ကစားမလား၊ ဒါမှမဟုတ် ပွဲထွက်ကစားမလားဆိုတာပဲရှိပါတယ်။ ဒါကိုတော့ စောင့်ကြည့်ရမှာပေါ့။ ဘယ်အရာက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် အဆင်ပြေစေမလဲဆိုတာကိုပေါ့။ တရက်ချင်းစီပဲ ကျနော်တို့ အခြေအနေကြည့်ရမှာပါ”
“ဒါပေမယ့် အခြေအနေက အရမ်းကိုကောင်းမွန်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့ပါဝင်နိုင်မယ်ဆိုတဲ့ကိစ္စကို သံသယဖြစ်နေစရာ မရှိပါဘူး။ ဝုလ်ဗ်နဲ့ပွဲအတွက်တော့ လက်တွေ့ဆန်ဆန် ဆုံးဖြတ်ရမှာပါ။ နောက်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာလည်း နှစ်ယောက်လုံးကို အသုံးပြုမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။