ဘလွန်းဒီအောဆုအတွက် မက်ဆီကိုပဲ ရွေးချယ်မယ်လို့ ပြောဆိုခဲ့ပြီး ပွဲရှာခဲ့တဲ့ ဆွာရက်ဇ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းဟောင်းလီဗာပူးလ်ကိုပဲ အားပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မေလ ၂၈ ရက်နေ့မှာကစားမယ့် အဆိုပါပွဲကတော့ ဆွာရက်ဇ်အတွက် အသင်းဟောင်းနဲ့ ခါးသီးပြိုင်ဘက်တို့ ကစားရမှာဖြစ်လို့လည်း လီဗာပူးလ်ကိုပဲ အားပေးမယ်ဆိုတာက ဆန်းတော့မဆန်းပါဘူး။
အသက် ၃၅ နှစ်အရွယ် ဆွာရက်ဇ်ဟာ မက်ဒရစ်ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာ၊ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်တို့မှာ ကစားခဲ့တာမို့လည်း ရီးရဲလ်မက်ဒရစ်ကို မုန်းတီးနေမယ်ဆိုတာက သေချာပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်က ဘန်ဇီမာကိုတော့ ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ပြင်သစ်သားရဲ့ သွင်းဂိုးတွေကြောင့် သူ အံ့အားသင့်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကျနော်က ဘာစီလိုနာ၊ လီဗာပူးလ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ပရိသတ်ပါ၊ အဲဒီအသင်းအားလုံးမှာ ကျနော်ကစားခဲ့တာပါ၊ ဘန်ဇီမာရဲ့ သွင်းဂိုးတွေလား၊ ချယ်လ်ဆီးနဲ့ပွဲမှာ သူသွင်းခဲ့တဲ့ ဒုတိယဂိုးကတော့ တကယ့်ကိုအလန်းစားပါ၊ ချီးကျူးရမယ့်ဂိုးလည်း ဖြစ်ပါတယ်၊ သူ လုပ်ပြနေတာတွေအတွက် ကျနော်က ပရိသတ်တဦးအနေနဲ့ တော်တော်လေးအံ့အားသင့်မိပါတယ်" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။
ဆွာရက်ဇ်ကတော့ အေဂျက်ဇ်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတဦးအဖြစ် စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး မက်ဆီ၊ နေမာတို့နဲ့အတူ ကမ္ဘာကျော်တိုက်စစ်ကို တည်ဆောက်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို အကြိမ်ကြိမ်အနိုင်ယူခဲ့ဖူးသူဖြစ်ကာ ကြီးမားတဲ့ပြိုင်ဘက်တွေအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။