ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ဆယ်လော့တီက ပရီးမီးယားလိဂ်အသင်းတွေဟာ ရေပန်းအစားဆုံးအဖြစ် ယူဆခြင်းခံထားရပေမယ့်လည်း အခြားနိုင်ငံက အသင်းတွေဟာ အင်္ဂလိပ်အသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ သတိပေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဆန်တီယေဂို ဘာနေဗျူးမှာ ဗုဒ္ဓဟူးနေ့ညက ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးဟာ ဧပြီလ ၁၈ ရက်နေ့မှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင် နောက်ထပ် အင်္ဂလိပ်အသင်းနဲ့ ရင်ဆိုင်ရနိုင်ပြီး မန်ချက်စတာစီးတီးအသင်းက ဘိုင်ယန်မြူးနစ်ကို ပထမအကျော့ အစ်တီဟတ်မှာ ၃-၀ နဲ့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။စနေနေ့ ကဒစ်ဇ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် လာလီဂါပွဲစဉ်မတိုင်မီ အန်ဆယ်လော့တီက မန်စီးတီးက ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးဖြစ်နေတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်မိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီလူမျိုးနည်းပြကြီးဟာ အဲဗာတန်၊ ချဲလ်ဆီးအသင်းတို့ကို နည်းပြခဲ့ဖူးသူဖြစ်ပြီး အခြားလိဂ်ကအသင်းတွေကို လျှော့မတွက်သင့်ဘူးလို့ အင်္ဂလိပ်အသင်းတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် စိတ်အနှောင့်အယှက် မဖြစ်မိပါဘူး။ ဘာလို့လဲဆိုတော့ အမှန်တရားက အင်္ဂလိပ်ဘောလုံးမှာ အရမ်းကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့အသင်းတွေ ရှိနေလို့ပါ။ အခု မန်စီးတီးလိုမျိုး အင်္ဂလိပ်အသင်းက ရေပန်းအစားဆုံးဖြစ်နေတာက ကျွန်တော့်ကို အံ့အားမသင့်စေပါဘူး။ ဒါပေမယ့်လည်း ကွဲပြားခြားနားမှု အနည်းငယ်ရှိခဲ့ရင်တောင်မှ တခြားဒေသတွေကလည်း သူတို့ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို ပြသနေပါတယ်လို့ ထင်ပါတယ်။ စပိန်ဘောလုံးက ပြီးခဲ့တဲ့နှစ်မှာ ဆီမီးဖိုင်နယ် ၂ သင်းတက်တယ်။ ဒီနှစ် အီတလီက ၃ သင်းရှိတယ်။ ဥရောပဘောလုံးက လူတွေပြောနေတာထက် အများကြီးပိုပြီး ယှဉ်ပြိုင်မှုပြင်းထန်တယ်။ အင်္ဂလိပ်တွေက သူတို့မှာ ကမ္ဘာပေါ်က အားအကောင်းဆုံးလိဂ်နဲ့ အထူးခြားအဆန်းကြယ်ဆုံးလိဂ်ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် အမှန်တရားက သူတို့တွေ ဥရောပကို လာတဲ့အခါမှာ ငွေကြေးသုံးစွဲမှု ပိုနည်းတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရတယ်။ ဒါပေမယ့် သူတို့တွေ ဆက်ပြီး ယှဉ်ပြိုင်နိုင်တယ်။ စပိန်နဲ့ အီတလီကလို အသင်းတွေပေါ့”လို့ ပြောကြားခဲ့ပါတယ်။